21 January 2010

အတိုက်အခံ ၈ ဦးကို တရားစွဲပြန်

မြို့နယ် ၄ မြို့နယ်ထက်မနည်းမှ တက်ကြွလှုပ်ရှားသူ ၈ ဦးကို လွန်ခဲ့သည့် ၄ လခန့်ကတည်းက ဖမ်းဆီးကာ ရန်ကုန် အင်းစိန်ထောင်တွင် ချုပ်နှောင်ခဲ့ရာမှ အသင်းအဖွဲ့ပုဒ်မ၊ နယ်စပ်ဖြတ်ကျော်ပုဒ်မတို့ဖြင့် ယမန်နေ့ ထောင်တွင်း တရားရုံးက စွဲချက်တင်လိုက်ပြီဖြစ်သည်။

၂၀၀၉ စက်တင်ဘာလတွင် မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင် သတင်းရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့သည့် သံဃာတော် ၄ ပါး၊ အမျိုးသမီးတဦးတို့ ပါဝင်သည့် အချုပ်အနှောင်ခံ ၈ ဦးကို တောင်ပိုင်းခရိုင် တရားရုံးတွင် စွဲဆိုသည်။

စွဲချက်တင်ခံရသူများမှာ မန္တလေးမြို့မှ ကျောင်းဆရာ ဦးရဲမြင့်၊ မသန္တာထွန်းနှင့် ကိုညို၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းရွာမှ ဦးရေဝတ (ခေါ်) ရဲမြင့်နောင်၊ ရေနံချောင်းမြို့မှ ဦးဝါယမ (ခေါ်) ဦးလှသိန်း၊ ဦးကောသိတ (နေရပ်မသိ)၊ ဦးဝိသုတ္တိ (ခေါ်) ဦးဝဏ္ဏဋ္ဌေး (နေရပ်မသိ) နှင့် ပဲခူးမြို့မှ ဦးကျော်ခင်တို့ ဖြစ်သည်။

“ကျနော်တို့က တရားရုံးကို လျှောက်လဲချက်ပေးတာက နယ်စပ်ကို ထွက်ခွာတယ်ဆိုတာ ဘယ်နေ့ ဘယ်ရက်က ထွက်ခွာသွားသလဲ၊ သူတို့ဘက်က ၂၀၀၉ ခုနှစ်က ထွက်တယ်လို့ပြောတော့ ဘယ်နေ့ ဘယ်ရက်က၊ ဘယ်ဂိတ်က ထွက်သလဲ မေးတော့လည်း ဘာအထောက်အထားမှ မပြနိုင်ဘူး။ နယ်စပ်ကို ထွက်ခွာတယ်ပြောတော့ တဖက်နိုင်ငံမှာ ဘယ်သူတွေနဲ့ တွေ့တယ်ဆိုတာ မျက်မြင်သက်သေရှိလား၊ စာရွက်စာတမ်း အထောက်အထားရှိလား မေးတော့လည်း ဘာအထောက်အထားမှ မရှိဘဲ စွဲချက် တင်လိုက်တယ်” ဟု တရားဆိုင်များ၏ ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

မသန္တာထွန်းနှင့် ကိုညိုကို ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်၊ GW (Generation Wave) အဖွဲ့ အဖွဲ့ဝင်များနှင့် ဆက်သွယ်သည်ဟုဆိုကာ ရဲက စွဲချက်တင်ထားသည်။

၈ ဦးထဲမှ ဦးကောသိတ၊ မသန္တာထွန်းနှင့် ကိုညိုတို့အတွက် ရှေ့နေ ဦးကျော်ဟိုးနှင့် ဦးကျော်ဋ္ဌေးက လိုက်ပါ ဆောင်ရွက်ပေးနေသော်လည်း ကျန်ရှိသူများမှာ ရှေ့နေ မပါရှိဘဲ အမှုရင်ဆိုင်နေရသည်။

“ကျန်တဲ့လူတွေနဲ့ ဘုန်းကြီးတချို့ ရှေ့နေမပါဘူး။ သူတို့ကို အမှုစစ်တဲ့အခါ ကျနော်တို့ အနားကပ်ခွင့် မရဘူးဗျာ၊ စကားပြောခွင့် မရဘူး။ သူတို့အားလုံးက အထက်မြန်မာပြည်က ဖြစ်တဲ့အတွက် မိသားစုဝင်တွေ ထောင်ဝင်စာ လာမတွေ့နိုင်လို့ အခက်အခဲ ရှိနေတယ်” ဟု ဦးကျော်ဟိုးက ပြောဆိုသည်။

အမှုများကို ယခုလ ၂၅ ရက်နေ့တွင် စတင်စစ်ဆေးသွားရန် တရားရုံးက ချိန်းဆိုခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.