20 January 2010

လူထု ဦးလှ ရာပြည့် အခမ်းအနား မန္တလေးတွင် စည်ကားစွာကျင်းပ

သတင်းစာ ဆရာနှင့် စာရေး ဆရာကြီး လူထုဦးလှ၏ ယနေ့ ကျရောက်သော အသက် တရာပြည့် မွေးနေ့ အခမ်းအနားကို စာပေ အသိုင်းအ၀ိုင်း စုံလင်စွာဖြင့် မန္တလေးမြို့ မဏိရတနာ ရာမ မြတောင်တိုက်၊ ရာပြည့်ဗိမာန်ခန်းမတွင် ပြုလုပ်သည်။



 လူထု ဦးလှ ရာပြည့် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲကို ကနဦးက Oriental House တွင် ကျင်းပရန် စီစဉ်ထားခဲ့ သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုချက် မပေးသောကြောင့် သခင် ကိုယ်တော်မှိုင်း ငယ်စဉ်က စာပေ သင်ကြားခဲ့ဖူးသော မဏိရတနာ ရာမ မြတောင် ကျောင်းတိုက်သို့ ပြောင်းလဲ ကျင်းပ ခဲ့ရသည်ဟု သိရသည်။

(ဒေါက်တာလွန်းဆွေဘလော့ဂ်မှရယူပါသည် )
“အသက် ၁၀၀ မွေးနေ့ပွဲ ဆိုတာ ကျင်းပ ကောင်းတယ်လို့ ထင်ပါတယ်ဗျာ။ ကျနော်တို့ အဖေကတော့ စာရေး ဆရာလည်း ဖြစ်တယ်။ သတင်းစာ ဆရာလည်း ဖြစ်တယ်။ မိတ်ဆွေ အများက ချစ်ခင်ကြတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ကျနော်တို့ ကျင်းပရတာပါ”ဟု လူထုဦးလှ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ဧရာဝတီသို့ ပြောသည်။

ယနေ့ ကျင်းပသည့် လူထုဦးလှ ရာပြည့် အခမ်းအနားသို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် စာရေးဆရာ အံ့မောင်၊ ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်)၊ ကဗျာဆရာ မောင်လွင်မွန် (ကသာ)၊ စာရေး ဆရာမ မိချမ်းဝေ၊ စာရေးဆရာ မောင်စူးစမ်း၊ စာရေးဆရာ နေ၀င်းမြင့် စသည့် စာပေ ပညာရှင်များ၊ လူထုဦးလှကို ချစ်မြတ်နိုးသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စာရေးဆရာ ညီပုလေးက “အဖေက တတိုင်း တပြည်လုံးက လူငယ်တွေ လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ရင်းနှီးချစ်ခင် တယ်။ နောက် အဖေက အများအကျိုး သယ်ပိုးခဲ့လို့ သူ့မွေးနေ့ကျတော့ အဖေ့ရဲ့ မေတ္တာ စေတနာကို တုံ့ပြန်သောအားဖြင့် သူတို့ ရောက်လာကြ တာ။ ကျင်းပခွင့်ရတဲ့ နိုင်ငံတကာက မိတ်ဆွေတွေ၊ အဖေ့ကို ချစ်ခင်တဲ့သူတွေကလည်း ရာပြည့်ပွဲတွေ လုပ်ပေးတာ သိရတော့ ကျနော်တို့ မိသားစုအနေနဲ့ရော ကျနော်တို့ မြို့သူမြို့သားတွေ အနေနဲ့ရော ဂုဏ်ယူနေကြတာပါ။ ကျေးဇူးတင်တဲ့ အကြောင်း ပြောပါရစေခင်ဗျာ”ဟု ပြောသွားသည်။

အခမ်းအနားတွင် ပရိတ်တရားနာယူ၊ ရေစက်ချအမျှဝေခြင်း၊ သံဃာတော် ၅၅ ပါးကို နေ့ဆွမ်းကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ်ခင်းတွင် သ၀ဏ်လွှာနှင့် စာတမ်းဖတ်ပွဲကို ပြုလုပ်ခဲ့သည်။

သတင်းစာဆရာကြီး ဦးဝင်းတင် ရေးသားသည့် လူထုကို မျက်နှာမူသည့် တရားကို ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်၍ တပါးသူကိုလည်း သွန်သင်ပေးသည့် လူထုဦးလှ၏ စိတ်ဓာတ်အကြောင်းကို ဆရာ ညီစေမင်းက လည်းကောင်း၊ ဆရာ ဦးသော်ကောင်း ရေးသား သည့် လူထုဦးလှ၏ လက်တုံ့ပြန်လိုစိတ် မရှိခြင်းနှင့် သည်းခံခြင်းကို ချီးကျူးရေးသားထားသော သ၀ဏ်လွှာကို စာရေးဆရာ ဆူးငှက်က လည်းကောင်းဖတ်ကြားခဲ့ကြသည်။

ထို့အတူ လူထုစိန်ဝင်း၊ ဒဂုန်တာရာ၊ ကလျာ (၀ိဇ္ဇာ၊ သိပ္ပံ)၊ ဒေါ်ခင်နှင်းဦး၊ ဆရာဝင်းငြိမ်း၊ စိုးနိုင် (မန္တလေး တက္ကသိုလ်) အစရှိသည့် သတင်းစာနှင့် စာပေပညာရှင်များ၏ စာတမ်းများ၊ ကဗျာများ၊ သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

လူထုဦးလှနှင့် နိုင်ငံရေး၊ လူထုဦးလှနှင့် လူမှုရေး စသည့် လူထုဦးလှအကြောင်း လူထုစိန်ဝင်းမှ ရေးသားထားသည့် စာတမ်းကို ဖတ်ကြားခဲ့သည့် စာရေးဆရာ ကျော်ရင်မြင့်က “ဆရာ လူထု ဦးလှက စာရေးတဲ့နေရာမှာ အင်မတန်လိမ်မာ ပါးနပ်တဲ့သူဆိုတော့ အကယ်လို့ သူသာ ရှိနေဦးမယ်ဆိုရင် လူထုတွေ ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုရုန်းကန်နေရတယ် ဆိုတာတွေကိုပဲ ရေးနေ လိမ့်ဦးမယ်”ဟု ပြောပြသည်။

သူကဆက်၍ လူထုတိုက်မှ မွေးဖွားလာသော စာရေးဆရာ၊ သတင်းစာသမားတို့မှာ လူထုကို ကိုယ်စားပြု၍ ပြည်သူလူထု ခံစား သလို ရေးလေ့ရေးထရှိကြပြီး ပြည်သူတို့နှင့် တသားတည်း ရှိသည်မှာ လူထု ဦးလှ၏ သွန်သင်ဆုံးမမှုကျေးဇူးများ ဖြစ်သည်ဟု ဆိုသည်။

“ဂျာနယ်လစ်တွေ ထွက်လာတဲ့ ကျောင်းမတူသလို ရေးကြတဲ့ အရေးအသားတွေ၊ ရပ်တည်ချက်တွေကလည်း မတူညီကြဘူး။ လူထုဆိုတဲ့ ကျောင်းက ထွက်လာတဲ့ ဂျာနယ်လစ်တွေ၊ စာရေးဆရာတွေကတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူလူထု ခံစားသလို ရေးလေ့ရေးထ ရှိကြပါတယ်။ အဲ့ဒီလူထုကျောင်းက ထွက်လာတဲ့ စာရေးဆရာတွေဟာ လူထုနဲ့ တသားတည်း ရှိကြတယ်”ဟုလည်း သူက ပြောသည်။

အဆိုပါ အခမ်းအနားတွင် အာဏာပိုင်များ၊ ထောက်လှမ်းရေးများက ဓာတ်ပုံ ဗီဒီယို ကင်မရာများဖြင့် လာရောက်ရိုက်ယူ မှတ်တမ်း တင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့ အကျိုးပြု စာပေများကို ရေးသားခဲ့သော လူထု ဦးလှကို ၁၉၁၀ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ပဲခူးတိုင်း ညောင်လေးပင် မြို့နယ် ပုစွန်မြောင်း ရွာတွင် ဦးပု၊ ဒေါ်ခိုင်တို့မှ မွေးဖွားခဲ့ပြီး ၁၉၈၂ ခု သြဂုတ်လ ၇ ရက်နေ့ မန္တလေးမြို့၌ ကွယ်လွန် ခဲ့သည်။

၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းမှ ၁ဝ တန်း အောင်ခဲ့ပြီးနောက် စာရင်းကိုင် သင်တန်းတက်ရင်း လူငယ်များ ကြီးပွားရေး သတင်းများကို သတင်းစာတိုက်များသို့ ပေးပို့ခဲ့သည်။ ထိုမှ လူငယ်များ ကြီးပွားရေး အသင်း ညကျောင်း ဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း “ကြီးပွားရေး မဂ္ဂဇင်း” စတင်ထုတ်ဝေသည့် ၁၉၃၂ တွင် စာများ စတင်ရေးသား ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားသည့်ကာလ မဂ္ဂဇင်းများ ရပ်နားထားချိန်တွင် ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုမှ လူထု ဂျာနယ်၊ လူထု သတင်းစာ တို့ကို ထုတ်ဝေခဲ့သည်။

ဂျပန်ခေတ်အတွင်းက အာရှလူငယ် အသင်း ခရိုင် ဥက္ကဋ္ဌ လုပ်ခဲ့သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်းဆီး ခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ လူထုအပေါ် ဖိနှိပ်မှုများ၊ လူထုခံစားနေရသည်များကို ရေးသားခဲ့ခြင်းများကြောင့် ဖမ်းဆီးခံရပြီး ၅ ကြိမ် တိတိ ထောင်တွင်းနေထိုင်ခဲ့ရသည်။

လူထုဦးလှသည် ထောင်နှင့် လူသား၊ စစ်ပြီးစက ထောင်တံခါး၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ စသည့် သူ၏ထောင်တွင်း အတွေ့အကြုံ စာအုပ်များ၊ ကျနော် သတင်းထောက်၊ ကျနော် မြင်းသမား၊ ကျနော် ဗြူရိုကရက်၊ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်၊ သတင်းစာများ ပြောပြတဲ့ စစ်တွင်း မြန်မာပြည် စသည့် စာအုပ်များ၊ တိုင်းရင်းသား ရိုးရာ ပုံပြင်များ၊ ရွှံ့နှင့် စစ်သား၊ ပန်းနှင့် စစ်သား၊ ဆိုဗီယက် ရုရှား စသည့် ဘာသာပြန် စာပေများကို ရေးသားခဲ့သည်။

သူရေးသားခဲ့သော 'ထောင်နှင့် လူသား' မှာ စာပေဗိမာန် စာပဒေသာဆု၊ 'လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ' မှာ ယူနက်စကို စီးပွားရေး လူမှုရေး ဆိုင်ရာဆု၊ 'ရခိုင် ကျေးလက် ပုံပြင်များ' မှာ စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေး သူငယ် ဆိုင်ရာ စာပေ ဒုတိယဆုများ ရရှိခဲ့သည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.