23 January 2010

မြန်မာ့မြွေများ အမေရိကန် ထိန်းချုပ်မည်

မြန်မာစပါးအုံး မြွေအပါအ၀င် မြွေအမျိုးအစား ၉ မျိုးကို အမေရိကန် နိုင်ငံအတွင်းသို့ တင်သွင်းနေမှုများ ပိတ်ပင်ရေး ဥပဒေ ပြဋ္ဌာန်းရန် ပြင်ဆင်နေသည်ဟု သိရသည်။

အဆိုပါ မြွေများသည် ပြည်သူများအတွက် အန္တရာယ်ရှိစေသည်သာမက အမေရိကန်ပြည်ထောင်စု၏ ဂေဟစနစ်ကိုပါ ပျက်စီး စေ သည်ဟု အမေရိကန်နိုင်ငံ ပြည်ထဲရေးဌာန အတွင်းဝန် ကင် ဆလာဇာက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။


၁၁ ပေ အရှည်ရှိ မြန်မာ့စပါးအုံး မြွေကြီးကို အမေရိကန် နိုင်ငံတွင် ဤသို့ သရုပ်ပြနေသည် (ဓာတ်ပုံ - အေပီ)
“မြွေကောင်ရေ ထိန်းချုပ်တာ၊ မြွေတွေကို အပြီးဖယ်ရှား ပစ်တာတွေကို ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ဖလော်ရီဒါလိုမျိုး ပြည်နယ် အစိုးရတွေက အမြန်ဆုံး ဆောင်ရွက် နေကြပါတယ်။ ဒါပေမယ့်လည်း လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး။ အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက်ဆိုရင် ပြည်ပက မြွေတွေ တင်သွင်းတာကို ပိတ်ပင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံထဲမှာလည်း မြွေတွေကို ရွှေ့ပြောင်း သယ်ယူတာ၊ မြွေအရောင်း အ၀ယ်လုပ်တာ တွေကို ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်”ဟု ဆလာဇာ  က ပြောသည်။

အမေရိကန် ပြည်ထောင်စုရှိ ငါးများနှင့် တောရိုင်း တိရိစ္ဆာန်များ ဆိုင်ရာ ဥပဒေမူကြမ်းကို လာမည့် ဖေဖော်ဝါရီလ စောစောပိုင်းတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း၊ တချိန်တည်းမှာပင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေးဆိုင်ရာ မူကြမ်းကို လည်း ရေးဆွဲထုတ်ပြန်မည်ဟု ဆလာဇာကဆိုသည်။

တားမြစ်မည့်  မြွေမျိုးစိတ်များမှာ မြန်မာစပါးအုံးမြွေ၊ မြောက်အာဖရိက စပါးအုံးမြွေ၊ တောင်အာဖရိကစပါးအုံးမြွေ၊ အိတ်ရှုံ့အမျိုး အစား စပါးအုံးမြွေ၊ သားကောင်ကို ရစ်ပတ်ပြီးညှစ်သတ်တတ်သည့်  တောင်အမေရိကအပူပိုင်းဒေသရှိ အစိမ်းရောင် နှင့် အ၀ါရောင် အနာကွန်ဒါမြွေ၊ ဘိုလီဗီးယန်း အနာကွန်ဒါမြွေ နှင့် စပါးကြီးမြွေ တို့ဖြစ်သည်။

အဆိုပါ မြွေမျိုးစိတ်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ခန့်ကတည်းက အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တချို့သော မျိုးစိတ်များ ပေါက်ပွားမှုသည် တင်သွင်းခဲ့သည့် ဦးရေထက် ပိုမိုများပြားဖွယ်ရှိနေသည်။

ယခုကဲ့သို့ ဂေဟစနစ်တခုလုံးကို အန္တရာယ်ဖြစ်နိုင်သည့် သတ္တ၀ါ မျိုးစိတ်များအား တားဆီးရန်အတွက် ကြိုးပမ်းမှု အားကြိုဆို ကြောင်း၊ အထက်လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူ့ လုပ်ငန်းကော်မတီ ၏ ရေနှင့် တောရိုင်း တိရစ္ဆာန်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ စိန့်ဘင်ဂျာမင် ကာဒင်းက ပြောသည်။

“တိုင်းပြည်တ၀န်းမှာရှိတဲ့ မူလ မျိုးစိတ်တွေကို ပြည်ပက ရောက်လာတဲ့ မျိုးစိတ်တွေက ခြိမ်းခြောက်နေတာကိုတော့ မေးခွန်းထုတ် စရာဖြစ်နေပြီ၊ ဒါတွေဟာ အမေရိကန်မှာ နဂိုက ရှိတဲ့ သဘာဝဂေဟစနစ်၊ တိုင်းပြည်စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ ပြည်သူ့ ကျန်းမာ ရေးတွေ အပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

မြန်မာစပါးအုံးမြွေများအပါအ၀င် အန္တရာယ် ကြီးသည့် မြွေများသည် တခြားသော သတ္တ၀ါမျိုးစိတ်များနှင့် တောရိုင်းတိရိစ္ဆာန်များကို အန္တရာယ်ပြုနေကြောင်း၊ မကြာသေးမီက မိချောင်းကန် အမျိုးသားဥယျာဉ် အနီးမှ တွေ့ ရှိခဲ့သည့် စပါးအုံးမြွေ နှစ်ကောင်၏ အစာ အိမ်ထဲတွင်  ရှားပါးလာဂို ကြွက်များကို တွေ့ရှိရကြောင်း သိရသည်။

ပြည်ပမှ ရောက်ရှိလာသည့် မြန်မာစပါးအုံးမြွေများနှင့် အခြားသော လူကိုရစ်ပတ်၍ အန္တရာယ်ပြုနိုင်သော မြွေမျိုးစိတ်များသည် သဘာဝပတ်ဝန်းကျင်အသစ်၊ ရာသီဥတုအသစ်တွင် လိုက်လျောညီထွေ အသက်ရှင်နေထိုင်နိုင်ပြီး၊ အကောင်ရေ ၁၂၀၀ ကျော် သည် ၂၀၀၀ပြည့်နှစ်ကတည်းက ဖလော်ရီဒါပြည်နယ်ရှိ အီဗာဂလိတ် အမျိုးသားဥယျာဉ်၊ ပြည်နယ်အနောက်ဘက်ရှိ ကမ်းရိုး တန်းဒေသများ နှင့် ဖလော်ရီဒါကျွန်းဆွယ် မှ တခြားသောနေရာများသို့ ပြောင်းရွှေ့ သွားလာနေကြသည်။
မဇ္စျိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.