18 January 2010

ဒေါ်အောင်ဆန်းစုကြည် အယူခံ မကြာခင် စီရင်ချက် ချမည်

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုနှင့် ပတ်သက်၍ လာမည့် ရက်သတ္တပတ်များ အတွင်း စီရင်ချက်ကို ချမှတ်သွားနိုင် ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

(ဓာတ်ပုံ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် အယူခံနှင့် ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု နောက်ဆုံး လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယနေ့ နံနက် ၁၀ နာရီမှ ၁း၃၀ နာရီ အထိ နှစ်ဘက် လျှောက်လဲချက် ပေးခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “အမိန့်တော့ ဒီနေ့မချပါဘူး၊ ကျနော်တို့ ၁ပတ်၊ ၂ပတ်၊ ၃ပတ် ဒီလို စောင့်ကြည့်ရမှာပါ၊ ပုံမှန်အားဖြင်တော့ အဲဒီလောက် ကြာတတ်တယ်၊ ဒီအမှုကတော့ မပြောနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှန်အားဖြင့် တရားသူကြီး ၁ ဦးတည်းထိုင်တဲ့ အမှု အမျိုးအစား ဒီနေ့ တရားသူကြီး ၂ ဦးထိုင်တယ်၊ ၂ ဦးထိုင်လို့ တရားမ၀င်ဘူးလို့ ကျနော် ပြောနေတာ မဟုတ်ဘူး” ဟု ပြောသည်။

အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်းမကြေညာသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲကြသည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူတဦးတယောက်မှ သုံးခွင့်မရှိတော့ကြောင်း အကိုး အကားများဖြင့်  ဒေါ်အောင်ဆန်းစုကြည်ရှေ့နေများက လျှောက်လဲကြသည်။

ယခုပြစ်မှုဆိုင်ရာ ပြင်ဆင် ခွင့်ကို တရားရုံးက ပယ်ချခဲ့ပါက ဥပဒေလမ်းကြောင်းဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“ဥပဒေလမ်းကြောင်း ရှိတာကတော့ အထူးအယူခံရှိတယ်၊ ဥပဒေလမ်းကြောင်းဆုံးတဲ့အထိ ကျနော်တို့လုပ်မယ်၊ အထူး အယူခံ အတွက်ဆိုရင် အမှုက ရန်ကုန်မှာပဲတင်ရမယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် လျှောက်လဲချက်ကို ရှေ့နေ ဦးကြည်ဝင်းက ပေးခဲ့ပြီး ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲကြောင်းသိရသည်။

ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ပြီးနောက် ယနေ့တွင် နောက်ဆုံး လျှောက်လဲချက် ပေးရန် ချိန်းဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား အယူခံသို့ ကိုယ်တိုင်တက်ရောက်ကြားနာခွင့်ကို အာဏာပိုင်များက တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.