05 January 2010

ငွေတိုက် စာချုပ်သစ် ခိုင်မာမှု မရှိနိုင်ဟုဆို

ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင် ရောင်းချနေပြီ ဖြစ်သော ငွေတိုက် စာချုပ်သစ်များသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးစနစ် ပီပြင်မှု မရှိသော မြန်မာနိုင်ငံတွင် ခိုင်မာမှု မရှိနိုင်ကြောင်း စီးပွားရေး လေ့လာသူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့နေ စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦးက ယခုကဲ့သို့ ငွေတိုက်စာချုပ် အမြောက်အမြား ထုတ်ဝေရောင်းချ ခြင်းသည် တိုင်းပြည်လိုငွေပြမှုကို လတ်တလော ဖြေရှင်းခြင်းသာဖြစ်ပြီး နောင်တက်လာမည့်အစိုးရအနေနှင့် စစ်အစိုးရ ရောင်းချခဲ့သည့် စာချုပ်များ၏ တန်ဖိုးနှင့်အတိုးနှုန်းများကို ပြန်လည်တာဝန်ယူပေးရမည်ဖြစ်ကြောင်း ပြောသည်။

“ငွေတိုက်စာချုပ် ထုတ်ရောင်းတာက အရပ်စကားနဲ့ နားလည်အောင်ပြောရရင် ပြည်သူတွေဆီက ငွေကြေးကို အစိုးရက အတိုးပေးပြီး ချေးတာပဲ။ နိုင်ငံတကာမှာ တခြား အစိုးရ တွေထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်နဲ့ ဒီက ငွေတိုက်စာချုပ်က နာမည်သာတူတာ၊ သဘောတရားချင်း မတူဘူး” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် နေ့စဉ် ကုန်ဈေးနှုန်းနှင့် အထွေထွေစရိတ် ကြီးမြင့်လျက်ရှိပြီး စီးပွားရေးဆိုင်ရာ မူဝါဒများ အမျိုးမျိုး ပြောင်းလဲနေသည့် အတွက် ငွေတိုက်စာချုပ်များသည် ခိုင်မာမှုမရှိနိုင်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ရောင်းချနေသည့် ငွေတိုက်စာချုပ်သစ်များကို စိတ်ဝင်စားသူ များပြားလှပြီး စတင် ရောင်းချသည့် နေ့တရက်တည်းတွင်ပင် ကျပ် သန်း တထောင်ဖိုး ရောင်းချရသည်ဟု သိရသည်။

ယခု ရောင်းချသည့် ငွေတိုက်စာချုပ်အသစ်များအတွက် အတိုးနှုန်း တိုးမြှင့်ခြင်း၊ ၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်သစ်များ ထုတ်ဝေရောင်းချခြင်း၊ ယခင်က အနိမ့်ဆုံး တသောင်းတန်မှ အမြင့်ဆုံး တသန်းတန်ငွေတိုက်စာချုပ်များသာ ရောင်းချ ခဲ့သော်လည်း ယခုအခါ အမြင့်ဆုံး ၁၀ သန်းတန်အထိ တိုးမြှင့် ထုတ်ဝေ ရောင်းချလာခြင်းများကြောင့် စိတ်ဝင်စားသူ များပြားပြီး ၀ယ်ယူရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်နှင့် နီးစပ်သူများက ပြောသည်။

“ဇန်န၀ါရီ ၁ ရက်နေ့မှာ သစ်တောဖက်စပ် ကုမ္ပဏီက ကျပ် သန်းတထောင်ဖိုး စာချုပ်တွေ ၀ယ်တယ်။ သူ့လိုပဲ စိတ်ဝင်စားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း သိန်းတရာ၊ သိန်းငါးဆယ်ဖိုး ငွေတိုက်စာချုပ်တွေဝယ်တယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် နီးစပ်သူတို့က ဆိုသည်။

ဗဟိုဘဏ်က ၁၉၉၃ ခုနှစ်မှစတင်၍ ၃ နှစ်နှင့် ၅ နှစ် ငွေတိုက်စာချုပ်များရောင်းချခဲ့ရာ အဆိုပါ ငွေတိုက်စာချုပ်များကို နှစ်စဉ် အတိုးနှုန်းပေးသည့် စနစ်သို့ ပြောင်းလဲ ထုတ်ဝေ ရောင်းချလိုက်ခြင်းဖြစ်သည်။

ယခင်က ရောင်းချခဲ့သော ၃ နှစ်နှင့် ၅ နှစ် သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များသည် တနှစ်အတိုးနှုန်း ၁၀. ၅ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းဖြစ်သော်လည်း ယခုအခါ ၃ နှစ်သက်တမ်း အတွက် အတိုးနှုန်း ၁၁ ရာခိုင်နှုန်း၊ ၅ နှစ်သက်တမ်း အတွက် ၁၁. ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးလိုက်သည်။

ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများ မကောင်းမွန်သောကြောင့် ငွေပိုငွေလျှံ ရှိနေသည့် လုပ်ငန်းရှင်များက အဆိုပါ ငွေတိုက် စာချုပ်များကို ၀ယ်ယူစုဆောင်းကြခြင်း ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းဝင် ကုန်သည်ကြီး တဦးက သုံးသပ်သည်။

နှစ်စဉ် အတိုးနှုန်းရရှိမည့် အစိုးရငွေတိုက်စာချုပ်သစ်များကို ကုန်သွယ်ရေးနှင့် စီးပွားရေးအရ လွှဲပြောင်း ရောင်းချနိုင်သကဲ့သို့ ငွေတိုက်စာချုပ်ကို ပြသပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေချေးယူနိုင်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် သင့်တော်သော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာရှိတဦးက ပြောသည်။

“ငွေသား မကိုင်ဘဲနဲ့ အတိုးနှုန်းလည်းရမယ့် ငွေတိုက်စာချုပ်တွေကို အခြေခံပြီး ပြည်တွင်းမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်မယ်ဆိုရင် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစနစ် ပီပြင်မှုမရှိသေးတဲ့ ဒီနိုင်ငံက စီးပွားရေး လုပ်ငန်းတွေအတွက် အများကြီး သင့်တော်တယ်” ဟု သူက ဆိုသည်။

ယခုရောင်းချသည့် ငွေတိုက် စာချုပ်သစ်များကြောင့် မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေးကွက်တခု ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ငွေတိုက်စာချုပ် အသစ်များအတွက် တနှစ်လျှင် ၂ ကြိမ် အတိုး ထုတ်ယူနိုင်ပြီး နှစ်စဉ် မတ်လ ၁၅ ရက်နှင့် စက်တင်ဘာ ၁၅ ရက်နေ့များတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.