02 January 2010

သွား ၁၁ ချောင်းနှုတ်ခံပြီးနောက် လူနာ ဆရာမဟောင်း ကွယ်လွန်



အာရှတော်ဝင် ဆေးခန်းအတွင်းမှ မြင်ကွင်းတခု။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှ အာရှတော်ဝင် နှလုံး နှင့် အထွေထွေ ရောဂါ အထူးကု ဆေးခန်းသည် သက်တမ်း ဆယ်နှစ် ရှိပြီ ဖြစ်သည်။
(ဓာတ်ပုံ - asiaroyalmedical.com)
 
အာရှတော်ဝင် အထူးကု ဆေးခန်းမှာ ကျောက်ကပ်ရောဂါ နဲ့ ဆေးဝါးကုသခဲ့သူ အမျိုးသမီးကြီး တစ်ဦးကို သွားဆရာဝန်က သွား ၁၁ ချောင်းနှုတ် ကုသခဲ့ပြီးနောက် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
          ကွယ်လွန်ခဲ့တဲ့ လူနာက အသက် ၆၈ နှစ် အရွယ်ရှိ အငြိမ်းစား အထက်တန်းပြ ဆရာမ ဒေါ်ခင်ကြည် ဖြစ်ပါတယ်။ ရန်ကုန်မြို့ မအူကုန်းရပ်မှာ နေထိုင်ပါတယ်။
          ဒေါ်ခင်ကြည်ကို အာရှတော်ဝင် ဆေးခန်းမှာ ဆေးကုသခဲ့ရာမှာ ကျောက်ကပ် အထူးကု ဆရာဝန်ကြီးက ကုသပေးခဲ့ပြီး ကျောက်ကပ်ကို ငါးကြိမ် ဆေးကြောခဲ့တဲ့နောက် လူနာရဲ့ အခြေအနေ ကောင်းမွန်လာတယ်လို့ လူနာဘက်က ပြောပါတယ်။
          ကျောက်ကပ်ရောဂါ သက်သာလာချိန်မှာ လူနာက သွားနဲ့ လျှာမှာ နာကျင်ကြောင်း ပြောတဲ့အတွက် သွားဆရာဝန် ဒေါက်တာ ဒေါ်ကြူကြူဆွေဝင်းနဲ့ ပြသရာမှာ သွား ၁၁ ချောင်း နှုတ်ခဲ့တယ်လို့ ဆိုပါတယ်။
          အဲသလို နှုတ်ပြီး သတိ ပြန်လည် မလာဘဲ နောက်တစ်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အာရှတော်ဝင် ဆေးရုံမှာပဲ လူနာဟာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
          အာရှတော်ဝင်က ထုတ်ပေးတဲ့ သေဆုံးလက်မှတ် Death Certificate မှာ လူကြီးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
          ဒါပေမယ့် လူနာဘက်ကတော့ အားနည်းတဲ့ လူနာကို သွား ၁၁ ချောင်း နှုတ်ဖို့ မေ့ဆေးပေးခဲ့ရတဲ့အတွက် သေဆုံးခဲ့ရတယ် ဆိုပြီး မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
          အာရှတော်ဝင် ဆေးခန်းဘက်က တာဝန်ရှိသူ အကြီးအကဲ နှစ်ယောက်နဲ့အတူ ဆရာဝန်တွေပါ မိသားစုဆီကို ရောက်လာပြီး တောင်းပန်တယ်လို့ သိရပါတယ်။
          အာရှတော်ဝင် အထူးကု ဆေးခန်းရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမြတ်သူက သူတို့ဘက်က အမှားရှိကြောင်း ဝန်ခံ တောင်းပန်ထားသလို ကျောက်ကပ် ဆရာဝန်ကြီးကလည်း သွား ၁၁ ချောင်း နှုတ်မယ် ဆိုတာကိုသာ သိရင် သူ့အနေနဲ့ ခွင့်ပြုခဲ့မှာ မဟုတ်ဘူး လို့ ဆိုတဲ့ အကြောင်းလည်း လူနာဘက်က ပုဂ္ဂိုလ်တစ်ယောက်က ပြောပြပါတယ်။
          သွားဆရာဝန် နဲ့ မေ့ဆေးဆရာဝန်တွေကလည်း အသီးသီး တောင်းပန်ကြတယ်လို့ လူနာဘက်က ပြောပါတယ်။
          လူနာဘက်ကတော့ အပြစ်ရှိသူ အပေါ်မှာ အရေးယူ ဆောင်ရွက်တာမျိုး မရှိလို့ မကျေနပ်နိုင်ဘူး လို့ ဆိုပါတယ်။ ဒီကိစ္စကို ဆေးကောင်စီနဲ့ တိုင်ကြားမယ် လို့လည်း ဆိုပါတယ်။
          အာရှတော်ဝင် အထူးကုဆေးခန်းက တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ဦးသိန်းလွင်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သူတို့အနေနဲ့ ဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်နေပါတယ် လို့ ပြောပြီး အသေးစိတ်ကိုတော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
          လူနာဘက်က နောက်ထပ် မကျေနပ်နိုင်တဲ့ နောက်တကြောင်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ ပြည်တွင်းမီဒီယာတွေကနေ လာရောက် မေးမြန်းတာမျိုး ရှိလို့ ရှင်းပြပေမယ့် ဒီသတင်းကို ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြခွင့် မရပါဘူး။
          အဲသလို ပိတ်ပင်ခံနေရတဲ့အတွက် ကာယကံရှင်တွေဘက်က မကျေနပ်ကြဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီသတင်းကို အင်တာနက်စာမျက်နှာတစ်ခုက ဖော်ပြခဲ့ရာမှာလည်း မိသားစုကို ရဲက ၁၂ နာရီကြာ ခေါ်ယူ စစ်ဆေး မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
မိုးမခမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.