23 January 2010

ရတနာပုံ အသင်း AFC ဥက္ကဋ္ဌ ဖလား ဝင်ရောက်ခွင့်ရ



မြန်မာနေရှင်နယ်လိဂ် MNL တွင် ဗိုလ်စွဲခဲ့သဖြင့် ရတနာပုံ ဘောလုံးအသင်းသည် ၂ဝ၁ဝ ခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲသို့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားသည်။

“ကျနော်တို့အသင်းက MNL ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် ပြိုင်ပွဲစည်းကမ်းအရ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲကို အလိုအလျောက် ဝင်ရောက်ခွင့် ရခဲ့တာပါ။ ကျနော်တို့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” ဟု ရတနာပုံအသင်း အမှုဆောင်အရာရှိချုပ် ဦးဟံမင်းထွန်းက မဇ္ဈိမကို ပြောသည်။

AFC ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ - AFC President’s Cup 2010  ကို အာရှ ဘောလုံးအဖွဲ့ချုပ်က ၂ဝဝ၅ ခုနှစ်မှ စတင်၍ နိုင်ငံ ၈ နိုင်ငံရှိ အမှတ်ပေး ပြိုင်ပွဲများမှ ပထမ (သို့) ဒုတိယရသည့် ကလပ်အသင်း တသင်းစီ ဖိတ်ခေါ်ကာ ယှဉ်ပြိုင်ကျင်းပစေခဲ့သည်။

၂ဝဝ၈ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျနှင့် တာမီနစ္စတန် စသည့် နိုင်ငံ ၃ နိုင်ငံမှ ကလပ်အသင်းများကို တိုးချဲ့ဖိတ်ခေါ်ခဲ့သည်။ ၂ဝဝ၈ နှင့် ၂ဝဝ၉ ခုနှစ်များတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇ ဘောလုံးအသင်းသည် AFC ဥက္ကဋ္ဌ ဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အုပ်စုအဆင့်မှပင် လှည့်ပြန်ခဲ့ရဖူးသည်။

၂ဝ၁ဝ AFC ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲကို သီရိလင်္ကာမှလွဲ၍ မြန်မာအပါအဝင် အခြား အာရှနိုင်ငံ ၁ဝ နိုင်ငံမှ ချန်ပီယံ ကလပ်အသင်းများ ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်း AFC ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာအခွန်၊ စီးပွားကူးသန်း စသည့် အစိုးရ ဝန်ကြီးဌာနများနှင့် ဆုကြေးစား မဟုတ်သည့် ပထမတန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘောဇ၊ အဲပုဂံ၊ Royal Eleven၊ Ruby Dragon စသည့် ပုဂ္ဂလိက ဘောလုံး အသင်းများ ပါဝင်ယှဉ်ပြိုင်လာခဲ့သော်လည်း ဆုကြေးစား ဘောလုံးစနစ်ကို အမှတ်ပေးပြိုင်ပွဲများ စတင်ခဲ့ပြီးနောက် ၁၄ နှစ်အကြာမှသာ ကူးပြောင်းနိုင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ တည်ထောင်ခဲ့ပြီးနောက် MNL အမည်ဖြင့် ပထမဆုံး ဆုကြေးစား ဘောလုံးပြိုင်ပွဲကို စတင်ခဲ့သော်လည်း ကစားသမား အများစုကို ယခင် အဆင့်မြင့်တန်းဖြစ်သည့် ဝန်ကြီးဌာန အသင်းများမှ စာချုပ်ဖြင့် ခေါ်ယူခဲ့ကြသည်။

ယခုကျင်းပပြီးစီးခဲ့သော  MNL ပြိုင်ပွဲများတွင် မြို့တော်စည်ပင်၊ ရထားပို့ဆောင်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာအခွန်၊ စွမ်းအင်၊ စီးပွားကူးသန်း၊ ဆောက်လုပ်ရေးနှင့် သစ်တောရေးရာ စသည့် ဝန်ကြီးဌာနများမှ ဘောလုံးသမားပေါင်း ၁၆၀ ခန့် ဝင်ရောက်ကစားခဲ့ကြောင်း MFF မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းကစားသမားများကို ဝန်ကြီးဌာနများက ကစားချိန် ၂ နှစ်ကို အလွတ်သဘောဖြင့် ခွင့်ပြုထားခြင်း ဖြစ်သည်။

သို့သော် MFF က ဝန်ကြီးချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ထမ်းဘောလုံးသမားများ၏ သက်ဆိုင်ရာ မိခင်ဌာနများသို့ ပြန်မည်၊ မပြန်မည်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း အကြောင်းကြားရန် ပြီးခဲ့သည့်လက ထုတ်ပြန်ကြေညာခဲ့သည်။

ဌာနမပြန်သူများကို အငြိမ်းစားပေးမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည့်အတွက် MNL ကလပ် ၈ သင်းမှ ကစားသမား ၃၂ ဦးနှင့် နည်းပြ ၃ ဦးသည် ဝန်ကြီးဌာနသို့ ပြန်မည်ဟု စာရင်းပေးခဲ့သည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် ၎င်းတို့၏ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းနှင့် လာမည့် နိုဝင်ဘာလကျမှသာ ဝန်ထမ်းကစားသမားများ ဝန်ကြီးဌာနသို့ ပြန်မပြန် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း MFF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

တတိယအကြိမ် MNL ပြိုင်ပွဲကို လာမည့် မတ်လအတွင်း အိမ်ကွင်း၊ အဝေးကွင်းနှင့် ကြားကွင်း ဟူ၍ သုံးကျော့ အမှတ်ပေး ပတ်လည်စနစ်ဖြင့် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။

ထိုပြိုင်ပွဲသို့ ပြီးခဲ့သည့် MNL အသင်း ၈ သင်းအပြင် ကရင်ပြည်နယ် ကိုယ်စားပြု SARA FC ၊ နေပြည်တော် ကိုယ်စားပြု ACE FC နှင့် ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ အသင်းတို့ ထပ်တိုးပါဝင်လာမည်ဖြစ်သည်။ 
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.