01 December 2009

HIV&AIDS ရောဂါကူးစက်ခံရသူများ ဆေးဝါးကုသမှု အလုံလောက် မရရှိ

မွန်ပြည်နယ်အတွင်း HIV ပိုး ကူးစက်ခံထားရသူ အများအပြား ဆေးဝါးကုသမှု အလုံအလောက် မရမရှိကြောင်း HIV&AIDS ဝေဒနာရှင်များအား စောင့်ရှောက်နေသူတို့၏ ပြောပြချက်အရ သိရသည်။

“ကျမတို့ ကူညီနေသလောက်ကတော့ ဆေးဝါးအလုံအလောက်မရဘူး၊ ဆေးဝါးမသုံးမဖြစ်တဲ့ လူနာတွေလောက်ပဲ ART ဆေးဝါးတွေကို ကျမတို့ ပေးနိုင်တယ်” ဟု မြန်မာနိုင်ငံမှ HIV&AIDS ရောဂါဝေဒနာခံစားနေရသူများအား လိုက်လံကူညီစောင့်ရှောက်ပေးနေသည့် ပြောင်းရွှေ့သွားလားခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းရုံး IOM မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ယခုလို HIV&AIDS ရောဂါဝေဒနာခံစားနေရသူတွေအတွက် ဆေးဝါးလုံလောက်မှု မရှိတဲ့အတွက် ဆေးဝါးတကယ်လိုအပ်တဲ့ ဝေဒနာရှင်တွေလောက်ကိုပဲ ဆေးပေးနိုင်တယ်” ဟု ၄င်းအဖွဲ့ဝင်က ပြောသည်။

“လူနာအများစုကတော့ အချိန်လွန်မှ ကျမတို့ဆီကို ရောက်လာကြတယ်၊ ကျမတို့မှာလည်း ဆေးဝါးအလုံလောက်မရှိဘူးဆိုတော့ အခက်အခဲဖြစ်တာပေါ့၊ တချို့ဆို အခြေနေဆိုးပြီးမှ ရောက်လာကြတယ်၊ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အခြေအနေမှာပေါ့၊ ဆေးဝါးကလည်း အလုံလောက်မရှိ၊ အဲဒါဆိုရင် စစ်ဆေးမှုတွေ လုပ်ပြီးတော့ ဆေးပေးသင့်ရင် ဆေးပေးတယ်” ဟု ၄င်းက ဆက်ရှင်းပြသည်။

IOM အဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစပြီး မွန်ပြည်နယ်အတွင်း HIV&AIDS ရောဂါဝေဒနာခံစားနေရသူများကို အားဆေးနှင့်အစားအစာများ ကူညီပေးနေပြီး၊ ၂၀၀၈ ခုနှစ်ရောက်မှသာလျှင် ART ဆေးဝါးများကို ကူညီပေးနိုင်ခဲ့သည်။ သို့သော်လည်း ရောဂါခံစားနေရသူအားလုံးအတွက် ဆေးဝါးအလုံလောက်မရှိသည့်အတွက် လူနာတချို့ကိုသာ ART ဆေး ပေးနိုင်ခဲ့သည်။

IOM အဖွဲ့၏ အကူအညီ ရရှိနေသော ဝေဒနာရှင်စာရင်းအရ မွန်ပြည်နယ်တွင် HIV&AIDS ရောဂါကူးစက်ခံရသူ ၅၀၀ နီးပါးရှိသည်ဟု သိရသည်။
မွန်ပြည်နယ်အတွင်း HIV ရောဂါပိုးကို ထိန်းချူပ်နိုင်သည့် ART ဆေးဝါးများကို IOM အဖွဲ့မှ ကူညီထောက်ပံ့ပေးနေပြီး၊ ၄င်းရောဂါနှင့်ပတ်သက်ပြီး ပညာပေးဟောပြောခြင်းဖြင့် ကူညီနှစ်သိမ့်ပေးနေသည့် အဖွဲ့အစည်းများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် HIV&AIDS ရောဂါနှင့် ပတ်သက်ပြီး အဓိက အကူအညီပေးနေသည့်အဖွဲ့တစ်ဖွဲ့မှာ 3D Fund ဟုခေါ်သည့် ရောဂါသုံးမျိုးတိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်း 3D Fund ၏အထောက်အပံ့ဖြင့် လူပေါင်း ၆၇၀၀ ကျော်ကို ART ဆေးဝါး ပေးနိုင်ခဲ့သည်ဟု 3D Fund က ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် HIV&AIDS ရောဂါ ခံစားနေရသူစုစုပေါင်း ၂၄၀,၀၀၀ ကျော်ရှိသည်။ ၇၅,၀၀၀ ခန့်မှာ ART ဆေးဝါးလိုအပ်နေပြီး၊ ၁၁,၀၀၀ ကျော်ခန့်သာ ဆေးဝါးရရှိနေသည်။ ထိုရောဂါကြောင့် နှစ်စဉ်သေဆုံးမှုနှုန်းမှာ ၂၅၀၀၀ ခန့် ရှိနေကြောင်း 3D fund ကဆိုသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.