28 December 2009

မြစ်ဆုံရေလှောင်တမံ စီမံကိန်းအတွက် ဒေသခံများကို နေရာရွှေ့ပြီ

ကချင်ပြည်နယ် မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေး စီမံကိန်းအတွက် ဒေသတွင်း နေထိုင်သူများကို အာဏာပိုင်များက စတင် ဖယ်ရှားပြီ ဖြစ်ကြောင်း သိရသည်။

ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွှမ်းမိုးမှု ခံရနိုင်သည့် ရွာပေါင်း ၆၀ ကျော်တွင် နေထိုင်သူပေါင်း ၁၅၀၀၀ ကျော်ခန့် ရှိရာ ထိုအထဲမှ ဖြစ်ကြီးနားမြို့ တန်ဖဲရွာကို နေရာသစ်သို့ ပထမဆုံး စတင်ပြောင်းရွှေ့ ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ တန်ဖဲရွာတွင် လူဦးရေ ၁၀၀ ခန့် ရှိသည်ဟု သိရသည်။

မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
“လောလော ဆယ်တော့ ကျမတို့ တန်ဖဲကို အရင်ဆုံး ရွှေ့ခိုင်းနေတယ်။ ကျမတို့ အရမ်း အားငယ်တယ်။ ရွာလူကြီး တွေကတော့ အားမငယ်ဖို့၊ ဘယ်လိုပဲ ဖြစ်လာလာ ရွာကနေ လုံးဝမရွှေ့ပေးဖို့ အားပေးရင်း နည်းလမ်းတွေ ရှာနေတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ပြောင်းရွှေ့ရမည့် ရွာသားများကို နေရာချထားပေးရန် မြစ်ကြီးနားမြို့မှ ရွာတရွာ ဖြစ်သည့် ကျိန်ခရမ် ရွာဘေးတွင် ရေလှောင်တမံ တည်ဆောက်မည့် Asia World ကုမ္ပဏီက တာဝန်ယူ၍ တဲပေါင်း ၅၀၀ ကျော် ဆောက်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က ရေလှောင်တမံ စတင် ဆောက်တော့မည်ဟု တရားဝင် ကြေညာစဉ် ပြောင်းရွှေ့ခံရမည့် ရွာသားများကို တအိမ်ထောင်လျှင် ဆန် ၁ တင်းနှင့် စားဆီ ၁ ပိဿာစီ ထုတ်ပေးခြင်းမှအပ အိမ်တန်ဖိုး တစုံတရာ ထောက်ပံ့ခြင်း မရှိသောကြောင့် ဒေသခံ ရွာသားများက ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောဆိုကြသည်။

“ကျိန်ခရမ်ရွာဘေးမှာ တဲလေးပဲ ထိုးပေးတယ်။ ဘာမှပေးဖို့မရှိဘူး။ အိမ်ခြံမြေ အားလုံး စွန့်လွှတ်လိုက်ရမှာ။ အခုလို တဲပဲ ပေးတာဆိုတော့ ကျမတို့ ဘယ်လို အသက်ရှင်ရမလဲ။ ကျမတို့ရဲ့ အိမ်နဲ့ ခြံမြေတွေကို တိုင်းပြီး လက်မှတ်ထိုးပေးခဲ့တာက ကျမတို့ရဲ့ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း တင်ပြတာပါ။ ကျမတို့ သဘောတူကြောင်း လက်မှတ်ထိုးတာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လုံးဝ မရွှေ့နိုင်ဘူး” ဟု တန်ဖဲရွာမှ ဒေသခံ အိမ်ရှင်မ တဦးက ဆိုသည်။

ဧရာဝတီမြစ်ပေါ်ရှိ အဆိုပါ ရေလှောင်တမံ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် ရွာများကို လျော်ကြေးပေးမည်ဆိုကာ အာဏာပိုင်များက နေအိမ်အတိုင်းအတာများ စိုက်ပျိုးသီးနှံများကို စာရင်းယူခဲ့ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မပြနိုင်ပါက နေအိမ်တန်ဖိုးသာ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် ငွေကြေးတစုံတရာ မရရှိသေးကြောင်း သိရသည်။

“ရေလှောင်တမံ ဆောက်လုပ်ဖို့ အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်လောက်နဲ့ လုံခြုံရေးအတွက် စစ်သား ထောင်ဂဏန်း သုံးလိမ့်မယ်” ဟု ထိုဒေသအကြောင်း အထူးလေ့လာနေသော ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ တာဝန်ရှိသူတဦးက ဆိုသည်။

ဤကဲ့သို့ အလုပ်သမားများ၊ စစ်သားများ လာရောက်မည် ဖြစ်သောကြောင့် လူမှုရေးပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များသည် ကချင်ပြည်သူများအပေါ် ကျရောက်မည်ဖြစ်ကြောင်း၊ ရေလှောင်တမံ ဆောက်လုပ်ပါက ကချင်တိုင်းရင်းသား များ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်ကာ ဒေသခံများ၏ ဘိုးဘွားပိုင် မြေယာနှင့် သီးနှံပင်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဇီဝ မျိုးသုဉ်းမှုများသည် ရေလွှမ်းမိုးမှုနှင့်အတူ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ဤမြစ်ဆုံရေလှောင်တမံ စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်း  တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၃၃၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တပတ်အတွင်း တရုတ် ဒုတိယသမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံသို့ သွားရောက်ကာ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ၃ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.