08 December 2009

ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ ရွှေထည်များ ခိုးယူမှု တရားခံ မမိသေး

နေပြည်တော်တိုင်း ပျဉ်းမနားမြို့ရှိ  မြမြင့်မိုရ်ရွှေဆိုင်မှ သိန်းပေါင်း ၅၀၀၀ နီးပါး တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယခုလ ၃ ရက်နေ့တွင် ပျောက်ဆုံးခဲ့ရာ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲသတင်းရပ်ကွက်က ဆိုသည်။

ရွှေချီရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ရွှေဆိုင်ဖွင့်ထားသည့် မြမြင့်မိုရ်ပိုင်ရှင်များသည် ယခုလ ၃ နေ့တွင် ရွှေထည်များ ပျောက်ဆုံးနေသည်ကို သိရှိရာမှ တိုင်တန်းလာသဖြင့် မြို့နယ် ရဲစခန်းက နေအိမ် အဆောက်အဦအတွင်း ခိုးမှု - ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်သည်။

“အခု မသင်္ကာသူတွေ ဖမ်းပြီးတော့ ရမန်ယူပြီး စစ်ဆေးတာမျိုး ရှိတယ်။ အမှုနဲ့ နီးစပ်ရာတွေပေါ့။ စစ်ဆေးနေတုန်းပဲ။ ဖမ်းချုပ်ထားတာတော့ မရှိဘူး” ဟု ရဲနှင့် နီးစပ်သူက ပြောသည်။

စိန်လက်စွပ် ၃၆ ကွင်း၊ ရွှေလက်ကောက် အကွင်း ၃၀၀၊ ၂ ကျပ်သား ရွှေဆွဲကြိုး ၂၀၀ ကုံး၊ ၄ ကျပ်သား ရွှေဆွဲကြိုး ၂၅ ကုံး အပါအဝင် ကာလတန်ဖိုး သိန်းပေါင်း ၄ ထောင် ၉ ရာ ၇၅ သိန်း ၂ သောင်း ရှိကြောင်း ပိုင်ရှင်များက ၃ ရက်နေ့ကမှာပင် တိုင်ချက်ဖွင့်ခဲ့သည်။

ပျဉ်းမနား ရဲအရာရှိတဦးက “ဒီအမှုမှာက ဖောက်ထွင်းတဲ့ပုံစံ မရှိဘူး။ ခြေရာလက်ရာက ဘေးပတ်ဝန်းကျင်မှာ မတွေ့ရဘူး။ ကောင်တာရဲ့ သော့ကလည်း ဖျက်ထားတာလည်း မဟုတ်ဘူး။ သော့ကို ဖွင့်ပြီးမှ ယူသွားတဲ့ သဘောမျိုး တွေ့ရတယ်ခင်ဗျ။ ဆိုင်တံခါးလည်း မပွင့်ဘူး။ ဟိုးအပေါ် လေးထပ်မြောက်မှာတော့ ပြူတင်းပေါက် တံခါးလေးတချပ် ဟနေတယ်။ ဘာဂျာမှန်တံခါး ဟိုဘက်ဒီဘက်ဆွဲတဲ့ တံခါး။ ဟနေတယ်ဆိုပေမယ့် ပတ်ဝန်းကျင် အနေအထားက လက်ရာခြေရာ မပျက်ဘူး။ သေဆုံးသူ၊ ဒဏ်ရာရသူ မရှိဘူး” ဟု ပြောသည်။

အဆောက်အဦးမှာ ၄ ထပ်ဖြစ်ကာ အိမ်သားများသည် အပေါ်ထပ်များတွင် နေထိုင်ပြီး မြေညီထပ်၌ စတိုးဆိုင်နှင့် ရွှေဆိုင်ကို တထပ်ထဲတွင် တွဲဖွင့်လှစ်ထားသည်။ မပျောက်ဆုံးမီ ၂ ရက်နေ့အထိ ဆိုင်ဖွင့်ခဲ့သေးသည်။

ပျဉ်းမနား ဒေသခံတဦးက “အဲဒီ မိသားစုက စီးပွားရေး တောင့်တယ်ဗျ။ စတိုးဆိုင်လည်း ဖွင့်ထားတယ်။ သူတို့ဆိုင် ၂ ခုစလုံး အရောင်းအဝယ် ကောင်းပါတယ်။ ကျနော်တို့ ဒီမြို့မှာနေတာ ကြာလှနေပြီ။ ဒါမျိုးဖြစ်တယ် တခါမှ မကြားဖူးဘူး” ဟု ပြောသည်။

အမှုမှန်ပေါ်ရေးအတွက် ပျဉ်းမနား ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ ထောက်လှမ်းရေးတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း အဆိုပါ ရဲသတင်းရပ်ကွက်က ဆိုသည်။

ယခုနှစ် မေလအစောပိုင်းတွင်လည်း မန္တလေးတိုင်း ရမည်းသင်းမြို့တွင် ရွှေ ၇ ပိဿာနီးပါး လုယက်မှုတခု ဖြစ်ပွားခဲ့သေးရာ၊ လုယက်သူများက မကွေးတိုင်း ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ မှ ဖောက်ထွင်းရယူခဲ့သည့် လက်နက်များကို အသုံးပြုပစ်ခတ်ခဲ့သဖြင့် လူတဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်။

ပြစ်မှုကျူးလွန်သူ ၁၇ ဦးကို သေဒဏ်နှင့် တသက်တကျွန်းပြစ်ဒဏ်များ အပါအဝင် ပြစ်ဒဏ်များ ကျခံစေရန် မန္တလေးတိုင်း ရမည်းသင်းခရိုင် တရားရုံးက ပြီးခဲ့သည့် စက်တင်ဘာလဆန်းတွင် အမိန့်ချမှတ်ခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.