30 December 2009

အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၂)




 
" - - - ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား၊ ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ် - - - "
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ဖြစ်ပါတယ်။
၁၉၈၈ မတ်လ ဖုန်းမော် အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ဇွန်လ မြေနီကုန်း အရေးအခင်းတွေ ကနေစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး လူထု အုံကြွမှုကြီး ပေါ်ပေါက်ခဲ့တယ်။
လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို မဆလ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နှင်းနေတဲ့ကြားကပဲ ခွပ်ဒေါင်း အလံတွေတလူလူ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ တဝေေ၀နဲ့ ကျောင်းသားထုနဲ့ လူထုကြီးဟာ ဒီမိုကရေစီ တိုက်ပွဲကို ရဲရဲရင့်ရင့် ရှေ့ဆက်ချီတက်ခဲ့ကြတယ်။
၁၉၈၈ခု သြဂုတ်လ (၈)ရက် (၈)ရက် (၈)လ (၈၈)မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ သပိတ်ကြီး  ဆင်နွှဲဖို့ ကျောင်းသားတပ်ဦးက တစ်တိုင်း တစ်ပြည်လုံးကို အသိပေး ကြေညာထားတဲ့ အချိန်။ အဲဒီတုန်းက တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် နိုးကြားတက်ကြွနေတဲ့ အချိန်ပေါ့။
ဒီလိုနဲ့ ချိန်းဆိုထားတဲ့နေ့၊ ကျောင်းသားတွေ ပြည်သူတွေ ရင်ခုန် စောင့်စားနေတဲ့နေ့ (၈)ရက် (၈)လ (၈၈)နေ့ ရောက်လို့လာခဲ့ပါပြီ။ ရန်ကုန်မြို့ကြီးကတော့ မိုးမလင်းခင်ကတည်း နိုးထနေခဲ့ပါပြီ။ အဲဒီမနက်က စုရပ်လုပ်ထားတဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ သပိတ်မှောက် အင်အားစုတွေ အစုံအညီစုဝေးရောက်ရှိနေကြပါတယ်၊ ရန်ကုန်မြို့တွင်း လှည့်လည် ဆန္ဒပြဖို့ ကျောင်းသားတွေက တပ်ဦးကနေ လမ်းကြောင်းဆွဲထားတာပါ။
အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းကမ်းတကျ ဆန္ဒပြဖို့ စတင် ချီတက်လိုက်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း၊ ဆူလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း စသည်ဖြင့် အဲဒီနေ့က လမ်းကြောင်းရှည်ကြီး ချီတက် ဆန္ဒပြကြပါတယ်။
သပိတ်မှောက် အင်အားစု အသီးက လက်သီးလက်မောင်းတွေ ဆန့်တန်းပြီး ကြွေးကြော်သံတွေကို အားပါးတရ ဟစ်ကြွေး ချီတက်နေကြပါတယ်။ လမ်းဘေးကရပ်ပြီး အားပေးနေတဲ့ ပရိသတ်ကြီးကလည်း လက်ခုပ်ဩဘာတွေ တီးနေကြပါတယ်။
တချို့နေရာ လမ်းဆုံလမ်းခွတွေမှာ မဆလ စစ်သားတွေ မုဆိုးဒူးထောက် သေနတ်နဲ့ချိန်ပြီး လမ်းပိတ်ထားတာ တွေ့ရင် တပ်ဦးက ချီတက်နေတဲ့ အလံကိုင်ကျောင်းသား တပ်ဖွဲ့က တခြားလွတ်တဲ့ လမ်းဘက်ကို ကွေ့ပြီး ရှေ့ဆက်ချီတက်နေတာပါ။ ဒီလို ချီတက် ဆန္ဒပြနေတဲ့ အင်အားစုကြီးထဲမှာ ကျွန်တော်တို့ စာပေနဲ့ အနုပညာရှင်များလည်း ကိုယ့်ဆိုင်းဘုတ်အောက်မှာ ကိုယ်လိုက်ပါချီတက်နေကြတာပါ။ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်တွေဟာ “ဒီမိုကရေစီ ရရှိရေး - ဒို့အရေး”ဆိုပြီး လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေကြပါတယ်။
အဲဒီအထဲမှာ စာပေသမားတွေထဲမှာ ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင်တို့ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားနေတာကို ကျွန်တော်တို့ သတိထားခဲ့မိပါတယ်။ ဒီဆရာကြီး နှစ်ပါးဟာ လမ်းတစ်လျှောက်လုံး ဘာကြွေးကြော်သံမှ လိုက်ပြီး ကြွေကြော်တာမတွေ့ရဘူး။ လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ သူတို့ရဲ့ခေါင်းတွေကိုတောင် ငုံ့ပြီး နှစ်ယောက်သား ပခုံးချင်းဆိုင် စကားတွေ တတွတ်တွတ် ပြောလာကြတာပါ။
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ပြောဆို ငြင်းခုံနေတဲ့ ဟန်လည်း မဟုတ်ပါဘူး။ သေရေးရှင်ရေး အရေးကြီးနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ဒီဆရာကြီး နှစ်ယောက် မနားတမ်း ဝေဖန်သုံးသပ် ပြောဆိုနေပုံ ရပါတယ်။
တစ်နေရာရာမှာ မဆလ စစ်တပ်က မုဆိုးဒူးထောက် သေနတ်နဲ့ ချိန်ပြီး လမ်းပိတ်ထားလို့ ဆန္ဒပြစစ်ကြောင်း ခဏ ရပ်တန့်နေရရင်လည်း ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင် ဒီဆရာကြီးနှစ်ယောက်ရဲ့စကားဝိုင်းကတော့ ရပ်မနေပါဘူး။
ကျွန်တော်တို့ကတော့ ဆရာရင်း တပည့်ရင်းတွေ ဖြစ်တာမို့ နှစ်ယောက် ဘာတွေ ပြောတယ်၊ ဘာတွေတိုင်ပင်နေတယ် ဆိုတာ အရိပ်အမြွက်လောက်တော့ ခန့်မှန်းနိုင်ကြပါတယ်။
ချီတက်ရာလမ်းကြောင်း ရှည်ကြီးတစ်လျှောက် လှုပ်ရှား အော်ဟစ်နေတဲ့ လူအုပ်ကြီး ကြားမှာ ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင်တို့ နှစ်ယောက်ဟာ ငြိမ်ငြိမ်သက်သက်နဲ့ပဲ ဆန္ဒပြပွဲပြီးဆုံးတဲ့အထိ သူတို့ရဲ့ တိုက်ပွဲ အပေါ် သဘောထားတွေကို မရပ်မနား ဆွေးနွေးခဲ့ကြတာပါပဲ။
နောက်ပိုင်းမှာ ဆရာမောင်သော်က ဆရာဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင်တဲ့ စာနယ်ဇင်း သမဂ္ဂ ပေါ်ထွက်လာပါတယ်။ စာနယ်ဇင်း သမဂ္ဂရုံးခန်းနဲ့ ကျောင်းသား သမဂ္ဂက ထုတ်တဲ့ သတင်းစာ အယ်ဒီတာရုံးခန်းတို့က တစ်နေရာတည်းမှာ ဖွင့်ထားတာပါ။
ကျောင်းသား သမဂ္ဂ သတင်းစာ အယ်ဒီတာအဖွဲ့က အကူအညီတောင်းလို့ ကျွန်တော် ဆရာမြသန်းတင့် ဆီကို စာမူသွားတောင်းခဲ့ပါတယ်။ ဆရာမြသန်းတင့်က ကျောင်းသား သမဂ္ဂသတင်းစာကို သူအားပေးပါတယ်၊ ထောက်ခံပါတယ် တဲ့။ ဒါပေမဲ့ သူ့စာမူကိုတော့ ကျောင်းသားသမဂ္ဂ သတင်းစာမှာ မထည့်ပါနဲ့ တဲ့။ သူတင်မက ဆရာဒဂုန်တာရာတို့ ဘာတို့ ဆီကလည်း မတောင်းပါနဲ့ တဲ့။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒဂုန်တာရာတို့ စာမူတွေပါလာရင် မဆလ စစ်အစိုးရက ကျောင်းသားတွေထဲကို အနီတွေ၊ လက်ဝဲတွေ၊ ဗကပတွေ လွှမ်းမိုး ထိုးဖောက်နေပြီလို့ မတရား စွပ်စွဲလာလိမ့်မယ် တဲ့။ ဒါကြောင့် ဆရာမြဆီက စာမူ မရခဲ့ပါဘူး။ ကျောင်းသားတွေကလည်း ဒီအချက်ကို နားလည် လက်ခံကြပါတယ်။
ဆရာမြသန်းတင့်ဟာ သူ့အသက်ရှိသရွေ့ ကျွန်တော်တို့ လူငယ်တွေ ပြည်သူတွေကို ရှေ့ဆောင်လမ်းပြခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ၊ ဆရာမကွယ်လွန်ခင် အရေးကြီးတဲ့ မှတ်ချက်တစ်ခုကို စာပေလောက အ၀န်းအ၀ိုင်းမှာ ဆရာ တရားဝင် ပြောခဲ့တာကို အားလုံးက မှတ်မိနေကြပါတယ်။
အဲဒါကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပါ။ ဆရာမြသန်းတင့်က ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား၊ ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ် ဆိုတဲ့ စကားပါပဲ။
အခုတော့ ဆရာ မြသန်းတင့် ကွယ်လွန်ခဲ့တာ (၁၁)နှစ် တိုင်ခဲ့ပါပြီ။ ဆရာဟာ ကွယ်လွန်တဲ့ အချိန်မှာ မဆလ စစ်အစိုးရ စာပေစိစစ်ရေးဌာနရဲ့ black list ထဲမှာ No 1 ရန်သူ နံပါတ်တစ် အဖြစ် သတ်မှတ်ခံထားခဲ့ရသူပါ။
ဆရာဟာ နောက်ဆုံးထွက်သက် အထိ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ အရေးတော်ပုံ ပေါ်ရင် ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ ယုံကြည်ရင်ခုန်ခဲ့တဲ့ ပြည်သူ့ဘက်သား၊ တိုင်းပြုပြည်ပြု စာရေးဆရာကြီး တစ်ယောက်ဆိုတာ သမိုင်းက သက်သေပြခဲ့ပါပြီ။
ဆရာ့ရဲ့ရဲဘော်ကြီး ဆရာဦးဝင်းတင်ကတော့ အခုအချိန်အထိ NLD နဲ့ ပြည်သူလူထုကို ရဲရဲရင့်ရင့် ဦးဆောင်နေဆဲပါပဲ ဆရာ။
အားလုံးကို ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။     ။

အောင်ဝေး
၇-၅-၂၀၀၉
မိုးမခမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.