03 December 2009

မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းများကို ယခုလ လယ်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၀၇ ခုနှစ်အတွင်း စတင်ခဲ့သည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ငန်းများကို ယခုနှစ် မိုးတွင်းပိုင်း၌ ခေတ္တရပ်နားခဲ့ရာမှ ပြန်လည်စတင်ရန် သိရခြင်း ဖြစ်သည်။

“ရေတားမယ့် ကွန်ကရစ်ချမှာက ဒီဇင်ဘာ ၂၆ ရက်နေ့ စမယ်။ လုပ်ငန်းပြန်စတဲ့ ဖွင့်ပွဲကို ၁၆ ရက်နေ့မှာ လုပ်မယ်။ ဘိလပ်မြေစက်၊ ကျောက်ခွဲစက်တွေဘာတွေ ရောက်ပြီ” ဟု စီမံကိန်း၌ ပါဝင်သည့်  အေရှားဝေါလ်ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။ သို့သော် လုပ်ငန်းဖွင့်ပွဲ ကျင်းပမည့်နေရာကိုမူ အတိအကျ မသိကြရသေးပေ။

ရေအားလျှပ်စစ် မီဂါဝပ် ၃၆၀၀ ထုတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ်တွင် တာ ၅ ခု၊ မလိခမြစ်တွင် ၂ ခုဖြင့် ရေပိတ်ထားမည်ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ယခုအခါ အလုပ်သမား အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၆၀ ကျော်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် မြစ်ဆုံအောက်ဘက် လုန်ကာဇွပ်ကျေးရွာအနီးရှိ နေရာအသစ်သို့ ပြောင်းရွှေ့ရမည်ဟု သိရသည်။

ထို့အပြင် စီမံကိန်းနေရာသည် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနှင့် နီးသဖြင့် ရေကာတာကျိုးပြီး ရေလွှမ်းမည့် အန္တရာယ်ကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ကန့်ကွက်နေကြသည်။

ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က မြစ်ဆုံဒေသခံများ စုပေါင်းလက်မှတ်ထိုး၍ စီမံကိန်းကို ရပ်ပေးရန် မြစ်ကြီးနားမြို့နယ် မယကမှတဆင့် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းထံ စာရေးသားပေးပို့၍ ကန့်ကွက်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ရေကာတာကျိုးပါက အောက်ဘက် ကီလိုမီတာ ၄၀ အကွာရှိ မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့်  မြစ်ကြီးနားအကြားရှိ ကျေးရွာ ၂၀ ခန့်မှ ကချင်လူထုများလည်း ရေလွှမ်းမိုးမှု ခံရမည်ဟု လှုပ်ရှားသူများက ခန့်မှန်းထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကလည်း စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောသည် ကချင်ပြည်နယ်၌ မြို့ကြီးများကို မဖြတ်သော်လည်း မြစ်ဆုံအောက်ပိုင်း ၁၄ မိုင်ခန့် ကွာဝေးပြီး ဧရာဝတီမြစ် အနောက်ဘက်ရှိ အင်ခိုင်ဘွမ်တောင်ကို ဖြတ်သွားကြောင်း မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြော၏ အသေးစိတ် ငလျင်ဇုန်မြေပုံကို ဖော်ထုတ်ရေးဆွဲနေကြောင်း သိရသည်။

ဤစီမံကိန်း အကောင်အထည်ဖော်ရန် စစ်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation - CPI) တို့အကြား ၂၀၀၆ ခုနှစ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.