26 December 2009

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ ကြီးကြပ်ရေး အခက်တွေ့

ရန်ကုန်မြို့တော်တွင်း သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် ယာဉ်လိုင်းပေါင်း (၃၀၀) ကျော်ကို အားလုံး တပြေးညီ ကြီးကြပ်ရေးအတွက် ဗဟိုကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူညီချက်မရဘဲ အခက်တွေ့နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းအဖွဲ့ကြီး (၁၆) ဖွဲ့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ (၂) ခုသာရှိပြီး ကျန် (၁၄) ဖွဲ့မှာ စစ်အစိုးရ အာဏာပိုင်များ၏ ဆက်စပ်စီးပွားရေးများ ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ အခက်တွေ့နေကြခြင်းဖြစ်သည်။
“ဆိုင်ရာ ပိုင်ရာတွေနဲ့ လုပ်နေတော့ တပြေးညီ စည်းမျဉ်းကျင့်သုံးဖို့ ညှိလို့မရ ဖြစ်နေတာ” ဟု မထသ အကြီးအကဲတဦးက ပြောသည်။
မထသဟု အတိုကောက်ခေါ်သည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ (ရန်ကုန်တိုင်း) သည် ရန်ကုန်တိုင်းအတွင်းရှိ မော်တော်ယာဉ်လိုင်းအားလုံးကို ကြီးကြပ်သည့် အဖွဲ့အစည်းမဟုတ်ဘဲ မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့တခုအဖြစ်သာ ရပ်တည်နေခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင် ယာဉ်လိုင်းများနှင့် စစ်အစိုးရ အကျိုးစီးပွား ယာဉ်လိုင်းအားလုံးကို စုစည်းပြီး ကြီးကြပ်မှု ကော်မတီဖွဲ့ရန် စီစဉ်နေသော်လည်း ထွက်ပေါ်လာနိုင်ခြင်းမရှိသေးပေ။
“ဗဟို မထသဖွဲ့ဖို့ အစီအစဉ်ရှိတယ်။ ယာဉ်လိုင်းတွေအားလုံးကို ကြီးကြပ်ဖို့။ အခုထိတော့ ညှိနေတုန်းပဲ။ တပ်စီးပွားရေးတွေနဲ့ ပုဂ္ဂလိက စီးပွားရေးတွေကို တန်းတူပေးနိုင် မပေးနိုင် စောင့်ကြည့်ရအုံးမှာပါ။ ကားတင်သွင်းခွင့်၊ တိုးချဲ့ခွင့်၊ လိုင်းကြောင်း တိုးချဲ့ပြေးဆွဲခွင့်တို့လိုတွေ စောင့်ကြည့်ရမှာ” ဟု မထသ အကြီးအကဲက ပြောသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ကားလိုင်းများကို ကြီးကြပ်ပြီး ဗဟိုမော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဟူ၍ ဗဟိုအဖွဲ့ကြီး ဖွဲ့စည်းနိုင်ရေး စည်းမျဉ်းစည်းကမ်းများ ညှိနှိုင်းရန် ခက်ခဲနေခြင်းဖြစ်သည်။
ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းရှင်များက စစ်တပ် ဆက်နွှယ် လုပ်ငန်းရှင်များနှင့် တပြေးညီ အခွင့်အရေး ရရှိလိုကြခြင်းဖြစ်သည်။
“အခုဟာက မထသလိုင်းက ရွှေသံလွင်ဆိုမတည့်ဘူး။ ပါရမီဆို ကြည့်မရဘူး။ ကားချင်းယှဉ်ရင်ကို သူတို့လိုင်းတွေက အသစ်သုံးနိုင်ရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေက ကားစုတ်ပဲ ၀ယ်ခွင့်ရတယ်” ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်မောင်းက ပြောသည်။
နေ့စဉ် ရန်ကုန်လူဦးရေ (၃) သန်းခွဲခန့်ကို သယ်ယူပို့ဆောင်ပေးနေရသော ခရီးသည်တင်ကားလိုင်း (၁၆) ခုတွင် မထသနှင့် ခရိုင်ယာဉ်လိုင်းများသာ ပုဂ္ဂလိက တဦးချင်းပိုင် ယာဉ်များဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။
ပါရမီယာဉ်လိုင်း၊ သန်မြန်သူ၊ ရွှေအင်းဝ၊ မြန်မာ့သားကောင်း ယာဉ်လိုင်းများ၊ စစ်မှုထမ်းဟောင်း ယာဉ်လိုင်းများ၊ မြို့တော်စည်ပင် ယာဉ်လိုင်း၊ ပြည်ခိုင်ဖြိုး ယာဉ်လိုင်း၊ ဂျီအီးစီ ယာဉ်လိုင်း၊ ရွှေမြင်းပျံ သမ၀ါယမ အသင်းယာဉ်လိုင်း၊ ကန္တရ၀တီ ယာဉ်လိုင်း၊ ရွှေဧည့်သည် ယာဉ်လိုင်းတို့မှာ စစ်တပ်နှင့် ဆက်နွှယ်သည့် ယာဉ်လိုင်းများဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့တွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၁၆) ခုက ကားစီးရေ (၆) ထောင်ကျော်ဖြင့် နေ့စဉ် နံနက် (၅) နာရီမှ ည (၁၀) နာရီထိ မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.