26 December 2009

မြို့မငြိမ်း ရာပြည့် ဂုဏ်ပြုပွဲ ကျင်းပမည်

အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း အသက် ၁၀၀ ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို မန္တလေးမြို့မ တူရိယာ အသင်းတိုက်၌ လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ သူ၏ တိမ်မြုပ်နေသည့် တေးသီချင်းများဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဂုဏ်ပြုပွဲကို မန္တလေး စာပေနှင့် အနုပညာရှင်များ အသိုင်းအ၀ိုင်းကကျင်းပ ကြမည်ဖြစ်သည်။

မြို့မငြိမ်း ရာပြည့်တွင် စန္ဒရား ဦးသိန်းမောင်၊ အဆိုတော် ရာဇာဝင်းတင့်၊ သန်းသန်းစိုးနှင့် ရီရီသန့် စသော ရန်ကုန်၊ မန္တလေး အနုပညာရှင်များနှင့် မန္တလေး မြို့မ တူရိယာ သံစုံတီးဝိုင်းတို့က ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦး ကပြောသည်။

MyoMaNyein
ဆရာမြို့မငြိမ်း
မြို့မ တူရိယာဝိုင်း၏ အကြီးအမှူး ဖြစ်သူ ဆရာမြို့မငြိမ်း၏သား ဦးရွှန်းမြိုင်က“ကျနော်တို့က အဖေရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ခေတ်မီ တီးဝိုင်းဖြစ်ဖို့ ကြိုးစားနေပါတယ်။ ခေတ်မီတီးဝိုင်းဖြစ်ဖို့က အချိန်နဲ့ရင်းနှီးမြှုပ်နှံမှုလိုတယ်။ ပါဝင်လုပ်ဆောင်သူတွေရဲ့ စိတ်ဓာတ်က အရေးအကြီးဆုံးပါ” ဟု ဧရာဝတီကို ပြောသည်။

ဆရာမြို့မငြိမ်းသည် ၁၉၂၅ ခုနှစ်တွင် သူနှင့် ဂီတဝါသနာတူ အပေါင်းအသင်းများဖြင့် မြို့မ တူရိယာအသင်းကို ဖွဲ့စည်းခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ၎င်းအသင်းကြီး၏ ဂီတအခြေပြု ရည်ရွယ်ချက်များဖြစ်သော မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး အစရှိသည့် အချက်များဖြင့် တိုးချဲ့ခဲ့သည်။

ဆရာမြို့မငြိမ်းအကြောင်း အထူးလေ့လာခဲ့သူ မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်က“သူ့ဂီတ ရည်မှန်းချက်က ကြီးတယ်၊ သူက မြန်မာလူမျိုးတွေဟာ အနောက်တိုင်း တူရိယာတွေနဲ့ မြန်မာသီချင်းကြီးတွေကို ဆင်ဖိုနီ ပုံစံ တီးနိုင်ရမယ်လို့ ရည်ရွယ်ပြီး ကြိုးစားခဲ့တယ်၊ သူတယောက်တည်း မဟုတ်ဘဲ ဓားတန်း ဦးသန့်နဲ့ပေါ့နော်၊ အဲဒီကာလမှာ ကတည်းက သူတို့တွေ အမြင်ကျယ် တယ်၊ စာဖတ်နိုင်တယ်၊ အနောက်တိုင်း စာပေ၊ ဂီတကို လက်လှမ်းမီတယ်”ဟုပြောသည်။

ဆရာ ဆူးငှက်သည်  မြန်မာ့ရိုးရာဂီတနှင့် အနောက်တိုင်းဂီတ ရောစပ်ဖန်တီးမှု အခြေခံသည့် “တိမ်ယံ အိပ်မက် မိုးထက်နရီ” ၀တ္ထုဖြင့် ၂၀၀၇ ခုနှစ် အမျိုးသား စာပေ ၀တ္ထုရှည် ဆုရရှိခဲ့သူ ဖြစ်သည်။

ယင်း ဝတ္ထုတွင် မန္တလေးမြို့၌ ရတနာပုံ ခေတ်က ထွန်းကားခဲ့သည့် ရိုးရာ ဂီတနှင့် ဒုတိယကမ္ဘာ စစ်ကြီးအပြီး နိုင်ငံခြားက ၀င်ရောက်လာသည့် အနောက်တိုင်း ဂီတ၊ တူရိယာတွေများ မည်သို့ပေါင်းစပ်ကြသည်၊ ဆရာ မြို့မငြိမ်း၊ ဓားတန်း ဦးသန့် ကဲ့သို့သော ခေတ်ပညာတတ် လူငယ်များက အနောက်တိုင်း တူရိယာ ပစ္စည်းများနှင့် မြန်မာ့ဂီတကို ပေါင်းစပ်ဖန်တီးပြကာ တလျှောက်လုံး မြန်မာ့ မဟာဂီတကို အရိုးစွဲလာသူများကြား ရောက်ရှိစေရန် မည်သို့ ကြိုးပမ်းသည် ဆိုသည်ကို ဇာတ်အိမ်ဖွဲ့ ရေးသားထားခြင်းဖြစ်သည်။

ဆက်လက်ပြီး စာရေးဆရာ ဆူးငှက်က “သူက အနောက်တိုင်းတူရိယာ ပစ္စည်းတွေကို ခေတ်လူငယ် ပီပီ အမြင်ကျယ်ကျယ်နဲ့ စမ်းသပ်ချင်တယ်၊ သူတို့ တီးခတ်တာကလည်း သာမန်တီးတာမဟုတ်ဘဲနဲ့ ဂီတ သင်္ကေတတွေနဲ့ တီးကြ၊ မှုတ်ကြ တာမျိုးတွေကို သဘောကျတယ်၊ ဆရာကြီး ဦးဘသက် ဦးဆောင်ပြီး ဂီတသင်္ကေတ နည်းပညာတွေကို သင်ကြတယ်၊ သူတို့က ပထမဆုံး ဗမာ ဆင်ဖိုနီ သမားတွေပေါ့” ဟု ဆရာဆူးငှက်က ပြောသည်။

ဆရာ မြို့မငြိမ်း ရေးသားခဲ့သော သီချင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ သူ၏ သီချင်းများအနက် ပထမဆုံး  ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်း များမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများဖြစ်ကြောင်းလည်း စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင်လည်း“ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်” ဟု  မှတ်တမ်းတင်ထားသည်။

ဆရာမြို့မငြိမ်း၏ “လူချွန်လူကောင်း” သီချင်းနှင့် ပတ်သက်၍ ဆရာဗိုလ်ကလေးတင့်အောင် မကွယ်လွန်ခင်က ချီးကျူး ပြောဆို ခဲ့ဖူးကြောင်း စာရေးဆရာ ချစ်ဦးညိုကလည်း ပထမအကြိမ် စင်ကာပူ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။

ဝန်ကြီးချုပ်ဦးနုလက်ထက်က ၎င်း၏ ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ် ပြိုင်ပွဲကျင်းပရာ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့ကြောင်း၊ ထိုသီချင်းကို မြန်မာ့အသံက လွှင့်သော်လည်း နားထောင်သူပရိသတ်သာမက ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် မမှတ်မိတော့ကြောင်း၊ ဆုရရန် မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ရေးစပ်သည့် သီချင်း ဖြစ်သောကြောင့် လူအများ၏ စိတ်ထဲတွင် သတိမရတော့ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆရာ ဗိုလ်ကလေးတင့်အောင်ကပင် ထိုသို့ ပြည်တော်သာစီမံကိန်းသီချင်း စပ်နေချိန်၌ မြို့မငြိမ်းက “လူချွန်လူကောင်း” သီချင်းကို လာရောက်ပြသခဲ့ကြောင်း၊ ထိုသီချင်းကို ကောင်းသည်ဟု မထင်ခဲ့သော်လည်း ထိုသီချင်းမှာ ယခုအချိန်အထိ လူအများ၏ ပါးစပ် ဖျား၌ စွဲမြဲနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ဆရာမြို့မငြိမ်း သီချင်း စတင်ရေးသားသော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာ စကားလုံးသွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေချိန်ဖြစ်သည်။ သို့သော် သူကမူ အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်း သော် လည်း တေးသွားကို ခိုးယူခြင်းမပြုဘဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဆရာဆူးငှက်က“အဓိက မြန်မာဂီတက လုံးကောက်တွေပေါ့ဗျာ၊ လုံးကောက်တွေဆိုတာ စာသားနဲ့ပဲ အဓိပွာယ်ဖွဲ့တာကိုး၊ အနောက်တိုင်း  ဂီတမှာက စာသားမပါဘဲ ဂီတအသံနဲ့ဖွဲ့တာ တွေ့တဲ့ အခါမှာ သူတို့က ပိုကျယ်ပြန့်တယ်၊ လူမျိုးတိုင်းအတွက် ဂီတ ဖြစ်တယ်၊ ဒီတော့ ငါတို့ ဗမာ သီချင်းကြီးတွေကိုလည်း စာသားကို အဓိက မထားဘဲနဲ့ အသံနဲ့ ဒီလိုဖွဲ့နိုင်ရမယ် ဆိုပြီး ဆရာကြီးက  တစိုက်မတ်မတ် ကြိုးစားတာ”ဟု ဆိုသည်။

နောက်ပိုင်းတွင် ဆရာမြို့မငြိမ်းသည် သူ၏ရည်မှန်းချက် မပြည့်ဝမှုကြောင့် စိတ်ဓာတ်ကျဆင်းလာခဲ့သည်။

“သူစိတ်ဓာတ်ကျပြီး ဂီတကို တလုံးမှ နားမလည်တဲ့ ဘတ်စ်ကား စပယ်ယာ၊ ဒရိုင်ဘာ တွေနဲ့ ဂီတကို လုပ်ပြမယ် ဆိုတာမျိုးပြောပြီး တောင်မြို့(အမရပူရ)အမှတ်(၈) လိုင်းကားက ဒရိုင်ဘာတွ စပယ်ယာတွေနဲ့ လုံးကောက်တွေမှတ်၊ ဝါးပုလွေ တွေနဲ့ လုပ်လာတယ်၊ စိတ်ဓာတ်တက်ကြွတဲ့ အခါမှာ တက်ကြွ၊ စိတ်ဓာတ်အတက် အကျတွေ မြန်လာပြီး နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်တဲ့ အထိ ဖြစ်သွားတာပေါ့ဗျာ”ဟု ဆရာဆူးငှက်ကပြောပြသည်။

မြို့မငြိမ်းကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် (၁၂၇၀ ခု တပို့တွဲလဆန်း ၅ ရက် ၊ တနင်္လာနေ့) မွေးဖွားသည်ဟု ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ပါရှိသည်။

ဆရာ မြို့မငြိမ်းကို မန္တလေးမြို့၌ ဦးညီနှင့် ဒေါ်ချစ်ဦးတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၂ ဦးအနက် အကြီးဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ ဂီတကို ဝါသနာပါသည့်အပြင် ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သည်။

သူ အသက် ၂၂ အရွယ်တွင် မသန်းသန်းနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၁၃ ဦးထွန်းကားခဲ့သည့်အနက် သူ ကွယ်လွန်ချိန်တွင် ၈ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။

ဆရာ မြို့မငြိမ်းသည် ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်ဟု စွယ်စုံကျမ်းတွင် ဖော်ပြပါရှိသည်။

မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး ကြိုးပမ်းသွားသူ မြို့မငြိမ်းသည်သူ၏ရည်မှန်းချက် ဖြစ်သော ဆင်ဖိုနီ (Symphony) (ခေါ်) မြန်မာသံစုံ တီးဝိုင်းဖြစ်မြောက်ရေးကို အသက်ရှင်စဉ် တလျှောက်လုံး ကြိုးပမ်းခဲ့သူ ဖြစ်သည်။ လက်ရှိတွင် မြို့မ တူရိယာအသင်း ဆက်လက် ရှင်သန်နေဆဲ ဖြစ်သော်လည်း ဆရာမြို့မငြိမ်း၏ ရည်မှန်းချက်ကို အကောင် အထည် ဖော်နိုင် ခြင်း မရှိသေးပေ။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.