25 December 2009

ဘင်္ဂလား-မြန်မာနယ်စပ် ခြံစည်းရိုး အပြီးသတ်ဖို့ လုပ်သား အင်အား ထပ်တိုး

ဘင်္ဂလား-မြန်မာနယ်စပ်ရှိ ခြံစည်းရိုး လုပ်ငန်းကို အလျင်အမြန် အပြီးသတ်ရေးအတွက် ယခုလ ၂၀ ရက်နေ့တွင် လုံထိန်း တပ်သား ၁၀၀ ခန့် ထပ်မံရောက်ရှိလာသည်။

ဘူးသီးတောင် အခြေစိုက် အမှတ် ၂ လုံထိန်းတပ်မှ တပ်သားများဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ် မောင်တောမြို့ရှိ ကညင်ချောင်းရွာရှိ စည်းရိုးကာရံသည့် လုပ်ငန်းခွင်သို့ ရောက်ရှိခြင်းလာခြင်း ဖြစ်သည်။

ယခုအခါ ခြံစည်းရိုး ကာရံနေသော နယ်စပ်တလျှောက်လုံးတွင်မူ တပ်ရင်း တပ်ဖွဲ့များမှ စေလွှတ်ထားသည့် လူအင်အားသည် ၁၀၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်းနှင့် လာမည့်နှစ် မိုးမကျမီ အပြီးသတ်ဖွယ်ရှိကြောင်း မောင်တော မယကရုံးမှ ဝန်ထမ်းတဦးက ပြောသည်။

စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် - စကခ ၁၅ လက်အောက်ခံ ခြေမြန်တပ်ရင်း - ခမရ ၃၇၁၊ ၃၇၄၊ ၃၇၅၊ ၃၇၆၊ ၃၇၈၊ ၃၇၉ အပါအဝင် တပ်ရင်း ၇ ရင်းမှ အင်အား ၈၀၀ ခန့်နှင့် မောင်တောရှိ အမှတ် ၁၃ လုံထိန်းတပ်ရင်းပါ ဖြည့်ထားပြီး နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး - နစက တပ်ဖွဲ့ဝင်များလည်း လုပ်ကိုင်နေသည်။

စစ်ဝတ်စုံများ ဝတ်ဆင်ခြင်းမရှိဘဲ နစက တံဆိပ်များဖြင့်သာ တွေ့ရှိရကြောင်း ဒေသတွင်း သွားလာနေသည့် မြန်မာကုန်သည်တဦးက ဆိုသည်။

တရားမဝင် နယ်စပ်လမ်းများမှ နယ်စပ် ဖြတ်ကျော်ခြင်း၊ တရားမဝင် မှောင်ခိုလုပ်ငန်းများ တည်ရှိနေသည့် နှစ်နိုင်ငံ နယ်နိမိတ် ၁၈၀ ကီလိုမီတာခန့်အနက် ကီလိုမီတာ ၈၀ ခန့်ကို မြန်မာဘက်က ယခုနှစ် မတ်လမှ စတင်ကာ ကာရံလာခြင်း ဖြစ်သည်။

ယခုအခါ ကီလိုမီတာ ၄၀ ကျော်တွင် အမြင့် ၁၂ ပေ၊ လုံးပတ် ၁ ပေခန့်ရှိသော ခြံစည်းရိုးတိုင်များကို ၁၀ ပေခြား တတိုင်စီ စိုက်ထူထားပြီး ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.