05 December 2009

ငွေဆောင်တွင် ဆိုင်ကယ်မစီးရအမိန့် မထိရောက်

ငွေဆောင်ကမ်းခြေတွင် ဆိုင်ကယ်မစီးရန် ဧရာဝတီတိုင်း ဒု-တိုင်းမှူးက ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်းက  အမိန့်ထုတ်ပြန်ခဲ့သော်လည်း အဆိုပါအမိန့်မှာ လိုက်နာသူမရှိ၍ ထိရောက်မှုမရှိကြောင်း  ငွေဆောင်ဒေသခံများက ပြောသည်။
ယခုနှစ်ခရီးသွားရာသီတွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များ ပြန်လည်များပြားလားပြီး  ဆိုင်ကယ်များကို ယခင်နှစ်ကထက် လွတ်လပ်စွာ စီးနင်းခွင့် ရနေကြကြောင်း ကမ်းခြေရှိ ဟိုတယ်တခုမှ မန်နေဂျာတဦးက ပြောသည်။
၎င်းက “ဧည့်သည်တွေအတွက် လိုအပ်ချက်မှန်သမျှကို မငြိုမငြင်ရအောင် ဖြည့်ဆည်းပေးဖို့က ကမ်းခြေကဟိုတယ်တွေ အားလုံးအနေနဲ့  တာဝန်ရှိတယ်။  ငွေဆောင်ကမ်းခြေဟာ မြန်မာနိုင်ငံက ကမ်းခြေတွေအားလုံးထက် ပိုရှည်တယ်။ ဒါ့ကြောင့် ဆိုင်ကယ်နဲ့ဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်လို့  လာတဲ့ဧည့်သည်တွေရဲ့ မှတ်ချက်အရ သိရတယ်။ လူ (၁၀၀) မှာ (၈၀) လောက်က ဆိုင်ကယ်စီးတာကို ကြိုက်တဲ့လူတွေချည်းပဲလေ။ ဒါ့ကြောင့်  ကျနော်တို့ကတော့ ဧည့်သည်စိတ်ချမ်းသာဖို့ပဲ အဓိကထား ဆောင်ရွက်တယ်။ ဆိုင်ကယ်ကယ်ရီတွေလည်း အလုပ်ပြန်ဖြစ်လာစေချင်တဲ့ သဘောပါ” ဟု ပြောသည်။
ငွေဆောင်ကမ်းခြေတွင် ယခုလောလောဆယ် ဆိုင်ကယ်အစီး (၁၀၀) ကျော်ခန့်ရှိပြီး ဆိုင်ကယ်ကို တနာရီလျှင် (၅,၀၀၀) ကျပ်ဖြင့် ငှားရမ်းကာ ကမ်းခြေတွင် လွတ်လပ်စွာ အပျော်တမ်း စီးခွင့်ရနေသည့်အတွက် ကယ်ရီသမားတဦးလျှင် တနေ့ဝင်ငွေ (၁၀,၀၀၀) ကျပ်ထိ ရရှိကြောင်း ငွေဆောင်ရွာမှ ဆိုက်ကယ် ကယ်ရီမောင်းသူတဦးက ပြောသည်။
ယမန်နှစ်တွင် ငွေဆောင်ကမ်းခြေ၌ ဆိုင်ကယ်မစီးရ အမိန့်ထုတ်ခဲ့သဖြင့် ဆိုင်ကယ်သမားများ စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ခရီးသွားများက တောင်းဆိုသည့်အတွက် ဆိုင်ကယ်ငှားမိပါကလည်း ဒဏ်ငွေ (၅,၀၀၀) ကျပ် ပေးဆောင်ကြရပြီး ဒဏ်ငွေ (၃) ခါ ဒဏ်ရိုက်ခံထိသူများသည် ဆိုင်ကယ်လိုင်စင်ပါ သိမ်းဆည်းခံရကြောင်း ဆိုင်ကယ်သမားတဦးက ပြောသည်။
၎င်းက “မနှစ်က စီးပွားရေးအခြေအနေကိုလည်း အားလုံးသိကြပါတယ်ဗျာ။ ကျနော်တို့ ငှားလို့ရတဲ့ ပိုက်ဆံနဲ့  သူတို့ဒဏ်ရိုက်တာနဲ့ အိမ်စရိတ်နဲ့ လုံးဝအဆင်မပြေဘူး။ ဒီနှစ်တော့ ပေါ်တင်ပဲ ငှားတယ်။ ဒီကမ်းခြေမှာ ကော်မတီရှိတယ်။ သူတို့ကလည်း လွှတ်ပေးထားတယ်။ လောလောဆယ်တော့ ကယ်ရီတွေ အလုပ်ဖြစ်နေတယ်” ဟု ပြောသည်။ 
ဧည့်သည်များကို အနှောင့်အယှက်ဖြစ်စေသည်ဟူသော အကြောင်းပြချက်တခုတည်းဖြင့် ကမ်းခြေတွင် ဆိုင်ကယ်မစီးရဟု အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ငွေဆောင်ကမ်းခြေကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။
ဆိုင်ကယ် ငှားရမ်းစီးကြသူများအနက် ပြည်တွင်းဧည့်သည်များ ပိုများပြီး ယခုနောက်ပိုင်းတွင် ပြည်ပဧည့်သည်များလည်း ရှိကြောင်း၊ ငွေဆောင်ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး အပိုင်း (၁) သည် (၄) မိုင်ခွဲ ကျော်ရှည်ကာ ဟိုတယ်အလုံးရေ (၂၀) ရှိကြောင်း၊ ငွေဆောင်ရွာမှာ ဟိုတယ်များ၏အလယ်တွင် တည်ရှိကြောင်း သိရသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.