25 December 2009

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ကြောင်း အန်အယ်ဒီ ပြောဆို

နေအိမ် အကျယ်ချုပ် ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုကို ရပ်ဆိုင်းထားရသဖြင့် သူမ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၏ နေအိမ် ပြင်ဆင်နေသည်ကို အကိုရင်း ဦးအောင်ဆန်းဦးက ကန့်ကွက်ခြင်းကြောင့် ပြင်ဆင်မှု ယမန်နေ့ကစ၍ ရပ်ထားရသည်။

“နဂိုကတည်းက လုံခြုံရေးအရလို့ ပြင်တာ အခု ပြတင်းပေါက်တွေ ဖြုတ်ထားတဲ့ အခြေအနေ။ ဘာမှ မတပ်ရသေးဘူး။ အဲဒီတော့ လောလောဆယ် ပြတင်းပေါက်တွေကို သစ်သားနဲ့ သံနဲ့ ရိုက်ပိတ်ထားရတဲ့ အခြေအနေ ရှိနေတယ်။ အရင်ထက် ပိုပြီးတော့ မကောင်းနိုင်ဘူးလေ။ အဲဒါ စဉ်းစားကြည့်လို့ ရပါ တယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အခြားသော ဖြစ်ထွန်းမှုတခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများလည်းဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် တက္ကသိုလ် ရိပ်သာလမ်းရှိ လူထုခေါင်းဆောင်၏ နေအိမ်၌ ယနေ့ မွန်းလွဲ ၁ နာရီမှစပြီး ၂ နာရီကြာ တွေ့ဆုံခဲ့သည်။

ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အချုပ် ချမှတ်ထားသည့်အပေါ် ပြင်ဆင်ရန် အယူခံ နှင့်ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်။

ဗဟိုတရားရုံးက ဆင့်ခေါ်သည့် စာအရ လာမည့်အပတ် ရုံးဖွင့်ရက်တွင် တရားရုံးသို့ ရှေ့နေ ပါဝါလွဲစာတင်မှာ ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.