30 December 2009

အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၄)




      တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးရဲ့ဘဝမှာ စာပေနဲ့ အနုပညာဟာ ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ။ ဘယ်လို အနေအထားမှာ ရှိသလဲ။
      ဆရာဇော်ဇော်အောင်ရဲ့ “ဝေဝေရီရီ” ဝတ္ထုထဲမှာ ဖတ်ခဲ့ဖူးတဲ့ စာသားတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ဆရာဇော်ဇော်အောင်က-
      နိုင်ငံဟာဖျားနာနေတယ်။ နာတာရှည်ပေါ့။ ရောဂါ ရနေတယ်။ အဲဒါ စာပေအနုပညာက ပျောက်ကင်းအောင် ကုသ ကယ်တင်ရမယ်။ အဲဒီတော့ စာပေအနုပညာက လုပ်ငန်းတာဝန် (၃)ခုကို  ယူရလိမ့်မယ် တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသ ပေးဖို့။ ဒုတိယက အမှားအမှန် ခွဲခြားပြသ ညွှန်ကြားဖို့။ နောက်ဆုံးတစ်ခု ကတော့ လူတွေရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့ပါပဲ တဲ့။
      ပြီးတော့ ဆရာဇော်ဇော်အောင်က အခုလို ဆက်ပြောပြပါသေးတယ်။
      ရုပ်ပစ္စည်း ချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ ဆိုတာ သိပ်မခက်ဘူး။ တကယ် ခက်တာက စိတ်။ စိတ်ဓာတ် အရေးအရာတွေမှာ အားနည်းနေတာ၊ အောက်တန်းကျနေတာ၊ ချွတ်ခြုံကျနေတာတွေကို ဖြည့်ဆည်းဖို့က သိပ်ခက်တယ်။ သိပံ္ပနဲ့ နည်းပညာကလည်း ထိထိရောက်ရောက် မကယ်တင်နိုင်ဘူး။ စိတ်ဓာတ်မှာ စွဲကပ်နေတဲ့ နာတာရှည်ရောဂါမျိုးကို ကယ်တင်နိုင်တာ စာပေ နဲ့ အနုပညာပဲရှိတယ် တဲ့။
      ဟုတ်ပါတယ်။ ဆရာဇော်ဇော်အောင်ပြောတာကို ကျွန်တော်တို့ လက်ခံရမယ်။ သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာကတော့ စာပေနဲ့ အနုပညာဟာ နည်းမှန် လမ်းမှန်နဲ့ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရတဲ့ အခြေအနေမှာ မရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့် လုံးဝမရှိဘူး။ ဒီလို မရှိတဲ့ အခြေအနေကြားမှာပဲ ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့ အောက်ကပဲ စာပေနဲ့ အနုပညာသည်တွေဟာ ပြည်သူလူထုကို ဖြေဖျော်ဖို့၊ လမ်းပြဖို့၊ တိုင်းပြည်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်လား။
      အဲဒီ အထဲကမှ ဝါရင့် သဘာရင့် အာဂ ရုပ်ရှင် အနုပညာရှင်ကြီး တစ်ယောက်ရဲ့ ပြည်သူ့ဘက်က ရဲရဲရင့်ရင့် ရပ်တည်မှုနဲ့ သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ ကျွန်တော် ပြန်လည် အောက်မေ့ တသ လာမိပါတယ်။
      ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်၊ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်။
      ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်း ရန်ကုန်တစ်မြို့လုံးကလူတွေ အဲဒီနေရာမှာ လာပြီး စုကြတဲ့နေ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး သမိုင်းဝင် လူထု အစည်းအဝေးကြီး။ ပရိသတ် (၅)သိန်းကျော်ဟာ မိုးတဖွဲဖွဲအောက်မှာ သူတို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကို စောင့်မျှော်နေကြပါတယ်။ သူတို့ခေါင်းဆောင်ရဲ့ မိန့်ခွန်းကို မျှော်လင့်နေကြပါတယ်။ သောင်းနဲ့ချီတဲ့ ခွပ်ဒေါင်းအလံ၊ သုံးရောင်ခြယ်အလံ၊ ဖက်ဆစ်တော်လှန်ရေးအလံ၊ ကြယ်ငါးပွင့် ပြည်ထောင်စု အလံတွေကို၊ ဝှေ့ယမ်းနေတဲ့ လူထုကြီးရဲ့  ရင်ခုန်သံက မိုးသံလေသံကို ဖုံးအုပ်သွားပါတယ်။

      အဲဒီ အချိန်မှာ အခမ်းအနားစင်မြင့် ဆီကနေ “ဒီမိုကရေစီ မြတ်နိုးတဲ့ လူထုပရိသတ်ကြီးခင်ဗျား” ဆိုပြီး အောင်မြင်ခံ့ညား ထည်ဝါလှတဲ့ အသံသြဇာနဲ့ ပရိသတ်ကို လှုပ်နှိုးလိုက်တဲ့ အသံကို ကြားလိုက်ရပြီး ပရိသတ်က စင်မြင့်ဆီကို လှမ်းကြည့်လိုက်ကြတဲ့ အခါမှာတော့။
      ပရိသတ်ကြီးရဲ့ လက်ခုပ်သြဘာသံတွေဟာ သောင်းသောင်း ညံသွားခဲ့ပါပြီ။ ပရိသတ်ကြီးဟာ သူတို့ အင်မတန် ချစ်ခင်လေးစားတဲ့ ရုပ်ရှင်မင်းသားကြီး တစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု အစည်းအဝေးကြီးမှာ အခမ်းအနားမှူးတစ်ဦး အဖြစ် မြင်တွေ့လိုက်ရတော့ အလွန့်ကို အားတက်ကျေနပ် ပီတိဖြစ်သွားကြပါတော့တယ်။
      အဲဒီနေ့က ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက သူ့ရဲ့ အနုပညာ အောင်မြင်ကျော်ကြားမှုတွေကို စတေးပြီး ပြည်သူ့ဘက်သား တစ်ယောက် အနေနဲ့ လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ပြခဲ့တာပဲ မဟုတ်လား။ ဒီအခမ်းအနားဟာ မြန်မာ့ သမိုင်းမှာရော ဒေါ်အောင်ဆန်းစုကြည် သမိုင်းမှာပါ အင်မတန်ကြီးကျယ် လေးနက်တဲ့ အခမ်းအနားပါ။
      ရင်းနှီးသူတွေက “လေးလေး”လို့ ခေါ်ကြတဲ့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေဟာ အဲဒီလို ဒီမိုကရေစီ တိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့အတွက် နဝတ၊ နအဖ စစ်အာဏာသိမ်း အစိုးရ အဆက်ဆက်မှာ ရုပ်ရှင်ရိုက်ခွင့် မရခဲ့တော့ပါဘူး။ (အခု အချိန်မှာ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကို အဓမ္မ ပိတ်ပင် ထားတာမျိုးပေါ့)
      ဦးထွန်းဝေတို့၊ ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးတို့ ဆိုတာ သမိုင်းနဲ့ အစဉ်အလာနဲ့ ဖြတ်သန်းလာခဲ့ကြတဲ့ အနုပညာသည်တွေပါ။ ခုမှ မဟုတ်ပါဘူး။ ၁၉၆၇ မြန်မာနိုင်ငံမှာ ဆန်ရှားပါးတဲ့ ပြဿနာတွေဖြစ်တော့ မဆလ စစ်တပ်က လူထု အာရုံပြောင်းအောင် တရုတ်-ဗမာ အဓိကရုဏ်း ဖန်တီးတဲ့ အခါ ဦးထွန်းဝေနဲ့ ဦးမြတ်လေးတို့ကို မဆလ အစိုးရက ဖမ်းဆီးထောင်ချခဲ့ဖူးပါတယ်။
      ပြည်တွင်းမှာတုန်းက တစ်နေ့မှာ ဆရာမောင်စွမ်းရည်နဲ့ ကျွန်တော် လေးလေးဦးထွန်းဝေ နေတဲ့ ဘောက်ထော်က အိမ်ကို လူမမာမေး ရောက်သွားကြပါတယ်။
      နဝတ အစိုးရ တက်လာကတည်းက ရုပ်ရှင် မရိုက်ရတော့တဲ့ လေးလေးဟာ ကျောင်းသုံး မြေဖြူလုပ်ငန်းကလေးနဲ့ ရပ်တည်ခဲ့ရပါတယ်။ ရုပ်ရှင် ပိတ်ကားပေါ်မှာ တွေ့ခွင့် မရတော့ပေမဲ့ နှစ်စဉ်လိုလို တောင်သမန်က အမေလူထု ဒေါ်အမာရဲ့ မွေးနေ့ပွဲတွေမှာ လေးလေးကို အမြဲ ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ရတတ်ပါတယ်။
      ဦးထွန်းဝေက သူ့ကို ရုပ်ရှင်ရိုက်ခွင့် ပိတ်ထားတာနဲ့  ပတ်သက်လို့ နဝတ၊ နအဖ အစိုးရတွေကို ပြစ်တင်တာ၊ ရှုတ်ချတာတွေ တစ်ခွန်းမှ မပြောပါဘူး။ အသနားလည်း မခံပါဘူး။ ပြည်သူ့ရင်ထဲမှာ “ထွန်းဝေ”  ရှိနေရင် ပြည့်စုံတာပဲလို့ သူခံယူတဲ့ အကြောင်း ဦးထွန်းဝေက ဆရာစွမ်းတို့၊ ကျွန်တော်တို့ကို ပြောပြပါတယ်။
      လေးလေးဟာ အင်မတန် လူကြီးလူကောင်း ပီသတဲ့ ရုပ်ရှင် အနုပညာသည်ကြီးပါ။ သူ့ရဲ့ အနုပညာတွေကို တာဆီး ပိတ်ပင်ထားတဲ့ အတွက် တိုင်းပြည်နဲ့ လူမျိုးအဖို့ အများကြီး နစ်နာ ဆုံးရှုံးရပါတယ်။
      ခုတော့ လေးလေး ဦးထွန်းဝေ ကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်တဲ့ အချိန်မှာ  နာရေးကြော်ငြာကိုတောင် လွတ်လွတ်လပ်လပ် ထည့်ခွင့်မရတဲ့ အထိ စစ်အစိုးရက ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။
      ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ်၊ ဘယ်လိုပဲ ချုပ်ချယ် ချုပ်ချယ် ပြည်သူတွေရင်ထဲက ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေရဲ့ အနုပညာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်တွေဟာ ဘယ်တော့မှ သေဆုံးမသွားဘူးလို့ ကျွန်တော် ယုံကြည်နေဆဲပါပဲ။
      ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃအရေးတော်ပုံမှာတုန်းက ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူတို့၊ ကိုဇာဂနာတို့ လူထုရှေ့မှောက် ရဲရဲ ထွက်ရပ်ခဲ့တာလည်း မင်းသားကြီး ဦးထွန်းဝေလမ်းစဉ်ကို ဆက်ခံ လျှောက်လှမ်း ခဲ့ကြတာပဲ မဟုတ်ပါလား။  
      လေးလေး ဦးထွန်းဝေ ကောင်းရာ သုဂတိ ရောက်ပါစေ။    ။
 မိုးမခမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.