10 November 2009

အဆိုတော် ဇော်ဝင်းထွဋ် ဦးစီးမည့် FM လိုင်းသစ် ပေါ်ထွက်လာမည်

နာမည်ကြီး ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်နှင့် ထူးဖောင်ဒေးရှင်း ကုမ္ပဏီတို့ ပူးပေါင်း တည်ထောင်သည့် ပုဂံ FM အမည်ရှိ FM လိုင်းသစ်တခု လာမည့်လ နှောင်းပိုင်းတွင် စတင်ထုတ်လွှင့်သွားမည်ဟု သိရသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်း ထုတ်လွှင့်သွားမည့် ပုဂံ FM လိုင်းကို လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်လွှင့်နိုင်ရန် ပြင်ဆင်နေပြီး ဝန်ထမ်းများပင် ခေါ်ယူနေပြီဟု ပုဂံ FM တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“လာမယ့်လ ၃၁ ရက်နေ့လောက် လွှင့်နိုင်ဖို့ လုပ်နေတယ်။ အခု အဲဒီအတွက် ဝန်ထမ်းတွေ ခေါ်နေပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဖွင့်လှစ်မည့် ပုဂံ FM လိုင်းအတွက် နည်းပညာများကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Channel-3 က ကူညီကြောင်း အဆိုတော် ဇော်ဝင်းထွဋ်က ပြည်တွင်း အပတ်စဉ်ထုတ် လျှပ်တပြက်ဂျာနယ်သို့ မကြာသေးခင်က ပြောဆိုခဲ့သေးသည်။

ပုဂံ FM နှင့် ဆိုပါက မြန်မာနိုင်ငံတွင် FM လိုင်းပေါင်း ၈ လိုင်း ရှိတော့မည် ဖြစ်သည်။ ရန်ကုန်တိုင်း မြို့နယ်များအတွက် ရန်ကုန် စီးတီး FM ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် လည်းကောင်း၊ မန္တလေးမြို့နှင့် ပတ်ဝန်းကျင် ဒေသများအတွက် မန္တလေး FM ကို ၂၀၀၈ ခုနှစ် ဧပြီလတွင် လည်းကောင်း စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်း FM နှစ်ခုကို မြို့တော် စည်ပင်သာယာရေး ကော်မတီများက ပိုင်ဆိုင်သည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတွင်မူ ရခိုင်ပြည်နယ်အတွက် ပဉ္စဝတီ FM၊ ရှမ်းပြည်နယ်အတွက် ချယ်ရီ FM၊ ပဲခူး၊ တနင်္သာရီ၊ မွန်နှင့် ကရင် စသည့် တိုင်းနှင့် ပြည်နယ်များအတွက် ရွှေ FM ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် ပတ္တမြား FM ကို ဖွင့်လှစ်လာနိုင်ခဲ့သည်။ ပဉ္စဝတီကို Forever ကုမ္ပဏီ၊ ချယ်ရီ (ဇေကမ္ဘာ) ၊ ရွှေ (ရွှေသံလွင်) နှင့် ပတ္တမြားကို ရွှေတောင် ကုမ္ပဏီက ထုတ်လွှင့်သည်။

FM လိုင်းများကို ပြည်နယ်များနှင့် တိုင်းများအတွင်းရှိ မြစ်ကြီးနား၊ ဟားခါး၊ ထားဝယ်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြိတ်၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ အမ်း၊ သံတွဲ စသည့် မြို့များနှင့် အနီးရှိ ကျေးရွာများတွင် ဖမ်းယူနားဆင်နိုင်သည်။

“ကျနော်တို့ အဓိကထားတာက ပြည်သူလူထုကို ပျော်ရွှင်အောင် အပန်းပြေအောင် ဖျော်ဖြေပေးနိုင်ဖို့ပါ။ အစီအစဉ်ပေါင်း ၅၀ ကျော်ကို တရက်နဲ့ တရက် မထပ်ရအောင် တင်ဆက်ပေးနေပါတယ်” ဟု ရွှေ FM မှ အစီအစဉ် တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

FM လိုင်းများသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ထားရှိကြရသည်။ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း ပိတောက်မြေ အမည်ရှိ FM လိုင်းတခုကို တရားဝင် ကြေညာခြင်း မရှိဘဲ ထုတ်လွှင့်လျက်ရှိသည်။

မြန်မာပြည်တွင် FM လိုင်းများ တိုးပွားလာခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ - BMA မှ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက “FM တွေ လွှင့်တာကလည်း ဖျော်ဖြေရေးပဲ အများစုလေ။ စစ်အစိုးရအနေနဲ့ လူထုကို အသိပေးချင်တာတွေ၊ ဝါဒဖြန့်ချင်တာမျိုးတွေကို အခု မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ လုပ်သလိုမျိုး ဘယ်ဟာတော့ မဖြစ်မနေ ထည့်ပေးရမယ် ဆိုတာမျိုး၊ ဘယ်ဟာတော့ မဖြစ်မနေ လွှင့်ပေးရမယ်ဆိုတာမျိုး ဒါမျိုးတွေ ဖြစ်လာမှာပဲ” ဟု ပြောသည်။

FM လိုင်းတခု၏ ထုတ်လွှင့်သည့် အစီအစဉ်တွင် တေးသီချင်းကဏ္ဍ အများဆုံး ပါဝင်သည်။ ထို့ပြင် ဗေဒင်၊ ဈေးဝယ်လမ်းညွှန်၊ ကိုယ်တိုင်သီဆိုရသည့် ကာရာအိုကေ၊ အနုပညာရှင်များ၏ စကားစမြည် စသည်ဖြင့် ဖျော်ဖြေရေးကဏ္ဍ ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး သတင်းနှင့် ပညာပေးပိုင်းဆိုင်ရာများလည်း ထုတ်လွှင့်သည်။

“သတင်းလွတ်လပ်ခွင့် သဘောအရ ပြောရလို့ရှိရင်တော့ လူထုတကယ် သိချင်တဲ၊့ ကြားချင်တဲ့ သတင်းတွေနဲ့ နိုင်ငံတခုရဲ့ အပြောင်းအလဲတွေကို ဖြစ်စေနိုင်တဲ့အထိ ဒီ FM တွေက လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ မမြင်ဘူး” ဟု ဦးဇင်လင်းက ပြောသည်။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ ၆၃ နှစ်ကြာ ထုတ်လွှင့်လာခဲ့သည့် နိုင်ငံပိုင် မြန်မာ့အသံ ရေဒီယို အစီအစဉ်သည် စစ်အစိုးရများက ၎င်းတို့၏ အာဘော်၊ ဝါဒဖြန့်ချိရေးနှင့် သတင်းများကိုသာ ဦးစားပေးထုတ်လွှင့်သဖြင့် လူများစုက နားထောင်လေ့ မရှိကြပါ။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.