25 November 2009

မြန်မာပြည်အထက်ပိုင်း ဘိန်းစိုက်မှု များပြားလာ တရုတ်လုပ်ငန်းရှင်များ ငွေကြေးစိုက်ထုတ်ပေးမှုရှိ

မန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်၌ ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး အချို့ဒေသတွင် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးကောင်း၊ နမ္မတီးမြို့နယ်အတွင်းမှ အချို့သော ဒေသခံများကို တရုတ်လုပ်ငန်းရှင်များက ငွေကြေးများ စိုက်ထုတ်ပေးကာ တနိုင်းမြို့အနောက်ဘက်ဒေသရှိ တနိုင်းခချောင်းနှင့် တဂါးခချောင်းတလျှောက် စစ်ကိုင်းတိုင်းနယ်စပ်နှင့် တနိုင်းမြို့၏ တောင်ပိုင်းဒေသတလျှောက်တွင် စိုက်ပျိုးနေကြသည်ဟု မကြာသေးမီက အဆိုပါဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “မိုးကောင်း၊ နမ္မတီးဘက်က နယ်ခံတွေ တဦးကို ဧက ဆယ်ချီ၊ ရာချီ လုပ်နေတာ။ နေ့စားအလုပ်သမားတွေကိုလည်း အများကြီးငှားပြီး လုပ်နေတာ။ လုပ်အားခက တရက်ကို ကျပ် သုံးထောင်ကနေ သုံးထောင့်ငါးရာ ရှိတယ်။ လုပ်အားခရှင်းတာကို တရက် တရက် သိန်းပိုင်းရှိလို့ ငွေအားများများနဲ့ အကြီးအကျယ် လုပ်နေတာ။ သိရတာက သူတို့တွေက ငိုစား ရယ်စားပဲ။ တရုတ်တွေက ငွေစိုက်ထုတ်ပေးထားတယ်။ ဘိန်းထွက်လာရင် ဝေစုထဲကနေ ထပ်ရဦးမယ်” ဟု ပြောသည်။

နမ္မတီးနှင့် တနိုင်းမြို့ ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လဝကျေးရွာမှစ၍ တနိုင်းအထိ လမ်းဘေး တောတောင်များတွင် စိုက်ပျိုးနေကြပြီး လမ်းတလျှောက်ရှိ ကျေးရွာအာဏာပိုင်များက ဘိန်းစိုက်တောင်သူများထံမှ ငွေကြေးကောက်ခံကာ နယ်မြေခံ စစ်တပ်များကို ဆက်ကြေးပေးဆောင်နေရသည်ဟု ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သူ တနိုင်းဒေသခံတဦးက ပြောသည်။

၎င်းက “လီဒို လမ်းတလျှောက်မှာ စိုက်တာက လမ်းဘက်က မမြင်ရအောင်တော့ စိုက်ရတာပေါ့။ ကျေးရွာလူကြီးတွေက သူတို့ ရွာနားစိုက်တဲ့သူတွေဆီက ငွေကောက်ပြီး၊ တနိုင်း ဒကစ (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)၊ မိုးကောင်း စကခ (အမှတ်-၃ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်) တို့က တပ်တွေကို ငွေပေးရတယ်၊ သူတို့လည်း နည်းနည်းပါးပါးတော့ ရမှာပေါ့။ အခုက စိုက်တောင်ပြီးနေပြီ။ ဘိန်းခြစ်တဲ့အချိန်ကျရင် ငွေပြန်ကောက်ပြီး ထပ်ပေးဖို့ ရှိသေးတယ်” ဟု ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသတွင် ဘိန်းခင်းအများအပြား စိုက်ပျိုးထားပြီး တရုတ်နိုင်ငံသား ကျပန်းအလုပ်သမားများ မြန်မာပြည်ဘက်သို့ ယခုနှစ် မိုးတွင်းပိုင်းက သွားရောက်ကာ နေ့စားလုပ်ခ စရိတ်ငြိမ်း တရုတ်ငွေ (၅ဝ) ယွမ် (ယခုငွေလဲနှုန်းအရ မြန်မာငွေ ကျပ် ၇,ဝဝဝ) ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လာမည့် ဘိန်းခြစ်ရာသီတွင် ထပ်မံသွားရောက်ရန် အားခဲနေကြကြောင်း တရုတ်ပြည်၊ ထိန်ချုံးဒေသခံတဦးက ပြောသည်။

၎င်းက “ထိန်ချုံးခရိုင်ထဲက ကူရုံးနယ်သားတွေ သွားလုပ်တာများတယ်၊ စားပြီးသောက်ပြီး ယွမ် (၅ဝ) ဆိုတော့ လုပ်အားခ မဆိုးဘူးလို့ ပြောရမှာပေါ့။ ဘိန်းစိုက်တဲ့အချိန်ဆိုရင် တောခုတ်၊ မီးရှို့၊ မြေပေါက်၊ မြေသြဇာထည့်နဲ့ တလလောက်လုပ်ရတယ် ပြောတယ်။ အစေးခြစ်တဲ့အခါလည်း အဲလို (၁၅) ရက်၊ တလလောက်ထိ လုပ်ရတယ်တဲ့။ အဲဒါကြောင့်မို့ ဘိန်းစိုက်ချိန်၊ အစေးခြစ်တဲ့အချိန်ဆိုရင် ဒီဘက်မှာလည်း အလုပ်သမားတွေ ရှားသွားလို့ လုပ်အားခတွေတောင်ဈေးတက်တယ်၊ နှစ်တိုင်းပဲ အဲလို ဖြစ်နေတာ” ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးဆောင်ရွက်နေ၍ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းလာသည်ဟု ပြောဆိုနေချိန်တွင် ယခင်က ဘိန်းစိုက်ပျိုးမှု နည်းပါးသည့် ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာခြင်းဖြစ်သည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.