17 November 2009

အိုဘားမား တောင်းဆိုချက်ကို စစ်အစိုးရ လိုက်လျောမည်လော


ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများတွင် အပစ်အခတ် စစ်ပွဲများ ရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက တောင်းဆို သော်လည်း စစ်အစိုးရက လက်ခံမည်မဟုတ်ဟု အတိုက်အခံများနှင့် လေ့လာသူတို့က ယူဆနေကြသည်။

အာဆီယံ - အမေရိကန် ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် အရှေ့ တောင် အာရှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ Robert Gibbsu က ယမန်နေ့တွင် သတင်းထောက်များကို ပြောသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “မြန်မာ့အရေးမှာ အမေရိကန်က တက်တက်ကြွကြွ ပါဝင်လာတာကောင်းတာပေါ့၊ အဲဒီတောင်းဆိုမှုကို စစ်အစိုးရက လက်ခံမယ်ဆိုရင်တော့  မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် တဘက်တလမ်းက အထောက်အကူ ဖြစ်မှာပါ” ဟု ဆိုသည်။

ဂျပန်နိုင်ငံ Temple တက္ကသိုလ်မှ မြန်မာ့ အရေး လေ့လာသူ Jeff Kingston ကလည်း “ဒါဟာ မြန်မာ ပြည်သူတွေအတွက် အားတက်စေတဲ့ သတင်းကောင်းတခုပါ။ စစ်အစိုးရကို အမေရိကန်က အခုထိ ဆန့်ကျင်နေတယ် ဆိုတာကို ပြသလိုက်တာပါပဲ။ တိုက်ရိုက် တုံ့ပြန်ဖို့ အတွက်တော့ သံသယရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အာဏာရှင်လို့ စွပ်စွဲလိုက်သလိုပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာ ပြန်လည် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးသည်အရေးပါကြောင်း၊ ခေါင်းမာလှသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေး၏ မထင်မရှားနေရာမှ ပါဝင်ခြင်းကိုသာ လိုလားဟန် တူကြောင်း သူကဆိုသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ပေးပို့သည့် စာတစောင်သည်လည်း အင်တာနက်စာမျက်နှာများတွင် ပျံ့နှံလျက် ရှိသည်။

ယင်းစာတွင် အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ မြန်မာပြည်သို့ ရောက်ရှိစဉ် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုနိုင်ရန် စီစဉ်ပေးသည့်အတွက် အထူးကျေးဇူးတင်ကြောင်း၊ ပိတ်ဆို့ အရေးယူ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပိုမို သိရှိလိုကြောင်း တင်ပြချက်အပေါ် အစိုးရက စီစဉ်ဆောင်ရွက် ပေးမှုကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ကျန်းမာရေး ချို့ယွင်း နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး၊ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းကမူ အဆိုပါ စာနှင့်ပတ်သက်၍ တစုံတရာ အတည်ပြုချက် မပေးသေးချေ။

စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံအထောက်အထားများအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.