13 November 2009

အိန္ဒိယ၏ မအောင်မြင်သော အရှေ့မျှော် မူဝါဒကို ထင်ရှားသော အိန္ဒိယသတင်းစာဆရာတဦးက မီးမောင်းထိုးပြ


အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် ငြိမ်းချမ်းတည်ငြိမ်မှု ရရှိရေးအတွက် မိမိတို့၏ `အရှေ့မျှော်မူဝါဒ´ ကို ပြောင်းပြန်လှန်ပစ်ရန်လိုပြီး စစ်အစိုးရ အုပ်ချုပ်နေသော အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပြုလုပ်ရန် မိမိတို့၏ ထောက်ခံမှုအပေါ် အခိုင်အမာ ရပ်တည်သင့်သည်ဟု ထင်ရှားသော အိန္ဒိယသတင်းစာဆရာတဦးက သူ၏ အသစ်ထုတ်ဝေလိုက်သော စာအုပ်သစ်တွင် ရေးသားထားသည်။

အိန္ဒိယ၏ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများအပေါ် ထားရှိသော မူဝါဒများသည် အိန္ဒိယ အရှေ့မြောက်ဒေသတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော လက်တွေ့အကျိုးဆက်များကို မည်သို့မည်ပုံ မျက်စိမှောက်သွားသည့်အကြောင်း အသေးစိတ် အချက်အလက်များကို အကြီးတန်း သတင်းစာဆရာတဦးနှင့် သုတေသီပညာရှင်တဦးဖြစ်သူ ဆူဗီယာဘူမစ် (Subhir Bhaumik) က သူ၏ `ပြဿနာဖြစ်နေသော အစွန်အဖျားဒေသ - အိန္ဒိယအရှေ့မြောက် အကျပ်အတည်း´ (Troubled Periphery: Crisis of India’s Northeast) ဟူသည့် မကြာသေးခင်က ထုတ်ဝေလိုက်သော စာအုပ်တွင် ရေးသားထားသည်။

ဘီဘီစီ အရှေ့အိန္ဒိယသတင်းထောက် ဆူဗီယာဘူမစ်သည် အိန္ဒိယ၏ `အရှေ့မျှော်မူဝါဒ´ အကြောင်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားသူဖြစ်ပြီး ၁၉၈ဝ စုနှစ် နှောင်းပိုင်းကာလများက ရှောင်ဖယ်ဖယ် လုပ်နေခဲ့ပြီးမှ ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်း တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီးများအပေါ် ၁၉၉ဝ စုနှစ်များအတွင်း မူဝါဒပြောင်းလဲ ဆက်ဆံခဲ့ပုံများအကြောင်းကိုလည်း လေ့လာထားသူဖြစ်သည်။

`အရှေ့မျှော်မူဝါဒ´ ကို ရေးဆွဲချမှတ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း တက်ရောက်လာသည့် စစ်ဗိုလ်ချုပ်ကြီးများအပေါ် ၁၉၉ဝ စုနှစ်များ အစောပိုင်းတွင် မူဝါဒ ပြောင်းလဲဆက်ဆံခဲ့သည်။ ချော့မြှူရေးနှင့် မျက်နှာချိုသွေးရေးမူဝါဒကို စတင်ကျင့်သုံးခဲ့သည်။

အိန္ဒိယသည် မအောင်မြင်သော ဤမူဝါဒအပေါ် ဆယ်စုနှစ်တခုကျော် ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံတွင် ခြေကုပ်တနေရာစာ ရရှိရေးအတွက် တရုတ်နိုင်ငံကို အမီလိုက်ရေးသာ လုပ်နေခဲ့သည်ဟု ဘူမစ်က သူ့စာအုပ်တွင် ရေးသားထားသည်။

''စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် မြန်မာနိုင်ငံနှင့် ဘာသာရေး မစွက်သည့် ဒီမိုကရက်တစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ မပေါ်ပေါက်ဘဲ အရှေ့မြောက်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အာမ မခံနိုင်ပါ။ မြန်မာဗိုလ်ချုပ်ကြီးများသည် အိန္ဒိယနိုင်ငံကို အရူးလုပ်နေခဲ့သည်။ မည်သည့်အကြောင်းကြေင့် တရုတ်နိုင်ငံကို အမီလိုက်ရေး မြန်မာနိုင်ငံတွင် လုပ်ရမှာလဲ'' ဟု ဘူမစ်က ဆိုသည်။

ဤသို့ လုပ်နေမည့်အစား အိန္ဒိယနိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို ဖြည့်ဆည်းနိုင်မည့် မြန်မာနိုင်ငံတွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားမှုများကိုသာ ထောက်ခံအားပေးသင့်သည်ဟု ဘူမစ်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ သူတို့၏ မူဝါဒကို ပြောင်းလဲခဲ့ရခြင်းမှာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ပါသည်ဟု အိန္ဒိယနိုင်ငံက ထုတ်ဖော်ကြေညာထားသည်။ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက်လည်းကောင်း၊ အရှေ့မြောက်သူပုန်များကို မောင်းထုတ်ရေးအတွက် မြန်မာဗိုလ်ချုပ်ကြီးများ၏ အထောက်အပံ့ကို ရရှိစေရန်အတွက်လည်းကောင်း၊ တိုင်းပြည်၏ ကြီးထွားလာနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာ့သဘာဝဓာတ်ငွေ့တွင်းများတွင် ခြေကုပ်ရထားရေးအတွက်လည်းကောင်း၊ ထိုသို့ ပြောင်းလဲကျင့်သုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

အိန္ဒိယ၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို တရုတ်က ရရှိသွားခဲ့သည်။ ထို့ပြင် သူတို့မြေပေါ်မှ အိန္ဒိယသူပုန်များကို မောင်းထုတ်ပေးပါမည်ဟူသော ကတိကိုလည်း စစ်ဗိုလ်ချုပ်ကြီးများက မည်သည့်အခါကမျှ မတည်ခဲ့ပါဟု ဘူမစ်က ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု တည်ဆောက်မှုကို မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြေညာလိုက်သည်။ အဆိုပါ ပိုက်လိုင်းများမှာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေနှင့် တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းကို တရုတ်နိုင်ငံက တဦးတည်း ဝယ်ယူခွင့် ရရှိထားသည့် ရွှေသဘာဝဓာတ်ငွေ့မြေမှ ဓာတ်ငွေ့များကို သယ်ယူပို့ဆောင်ရာ၌ အသုံးပြုမည်ဖြစ်ပြီး ရေနံပိုက်လိုင်းကိုမူ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကနိုင်ငံများမှ ဝယ်ယူထားသော ရေနံများကို သယ်ပို့ရာတွင် အသုံးပြုမည်ဖြစ်သည်။

အိန္ဒိယ အရှေ့မြောက်ဒေသရှိ သောင်းကျန်းသူများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အလွန်အမင်း ထိခိုက်နစ်နာခဲ့ရသည်ဟု အိန္ဒိယနိုင်ငံက ပြောဆိုသည်။ ထို့ကြောင့် သူတို့နယ်မြေပေါ်မှ အဆိုပါ အိန္ဒိယသူပုန်များကို မောင်းထုတ်ပေးပါရန် မြန်မာစစ်တပ်ကို ကြိမ်ဖန်များစွာ တိုက်တွန်းပြောကြားခဲ့သည်။

သို့သော် စစ်အစိုးရသည် အိန္ဒိယနှင့် ကစားနေပြီး တောင်းဆိုချက်များ တခုမှ ဖြစ်ပေါ်လာခြင်း မရှိခဲ့ကြောင်း ဘူမစ်က ပြောသည်။ သူ့အိမ်နီးချင်းနိုင်ငံများတွင် စစ်အစိုးရအများကြီး ရှိနေခြင်းကို အိန္ဒိယအနေဖြင့် လက်မခံနိုင်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းရှိ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးသင့်ပြီး မြန်မာ့အရေးကိစ္စတွင် အနောက်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သင့်သည်ဟု သူက ခုခံပြောဆိုသည်။

''အိန္ဒိယနိုင်ငံအတွက် တခြားနောက်တမျိုး လုပ်စရာဆိုလို့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံဖို့ပဲ ရှိတယ်။ ဗိုလ်ချုပ်ကြီးတွေကို ၁ဝ နှစ်ကျော် ထောက်ခံအားပေးခဲ့လို့ ကျနော်တို့ ဘာတွေရခဲ့လို့လဲ။ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးပြဿနာလည်း မပြေလည်ဘူး။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေ အိန္ဒိယနိုင်ငံထဲ ဝင်လာတာလည်း အရင်တုန်းကအတိုင်းပဲ။ တရုတ်လက်နက်တွေ ဝင်လာတာလည်း ဒီအတိုင်းပဲ'' ဟု ဘူမစ်က ချေပပြောဆိုသည်။

ကြီးထွားအောင်မြင်လာနေသော အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးနှင့် ပူးပေါင်းနိုင်ရေးအတွက် `အရှေ့မျှော်မူဝါဒ´ ကို ၁၉၉ဝ စုနှစ်များ အစောပိုင်းက အိန္ဒိယနိုင်ငံက ရေးဆွဲချမှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အိမ်နီးချင်းနိုင်ငံတနိုင်ငံ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အကြီးအကျယ် ပြောင်းလဲခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဆန္ဒပြကျောင်းသားများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့်အတွက် ရှုတ်ချပြစ်တင်ခဲ့သော စစ်အစိုးရနှင့်လည်း လက်ဆွဲနှုတ်ဆက်ခဲ့သည်။

''မြန်မာနိုင်ငံကိုသာ အခြေပြု စဉ်းစားရမြဲ ဖြစ်နေမည်ဆိုပါက အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒသည်လည်း မြန်မာနိုင်ငံဆိုသည့် မဟာတံတိုင်းကြီးနှင့် တိုက်မိပြီး ဘယ်မှရောက်မည်မဟုတ်။ ကြီးကျယ်ခမ်းနားလှသည့် မြန်မာနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေး အချိတ်အဆက်များသည်လည်း စာရွက်ပေါ်တွင်သာ ရှိနေမည်ဖြစ်သည်'' ဟု ဘူမစ်က ပြောသည်။

''အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ဒေသ၌သာ ဒီမိုကရေစီ ချို့ငဲ့မှုပြဿနာကြီးကို နိုင်အောင်တိုက်ရမည်မဟုတ်၊ ကပ်ရက်အိမ်နီးချင်းနိုင်ငံ၏ ဒီမိုကရေစီချို့တဲ့မှု ပြဿနာကိုလည်း ကျော်လွှားအနိုင်ယူရန် လိုသည်'' ဟု ဘူမစ်က သူ့စာအုပ်တွင် ရေးသားဖော်ပြထားသည်။

''ကျနော်တို့ တရုတ်ကို အမီလိုက်နေတာမျိုး ဆက်မကစားနေသင့်ပါဘူး။ ဘယ်လောက်ပဲ အကန့်အသတ်ရှိသည်ဖြစ်စေ ကျနော်တို့ ခံစားနေရတဲ့ ဒီမိုကရေစီ အသီးအပွင့်တွေကိုလည်း မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကို ပေးအပ်ရာမှာ အဓိကအခန်းက ကျနော်တို့ ပါသင့်ပါတယ်'' ဟု ဘူမစ်က ဆက်လက်ရေးသားခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.