17 November 2009

ဒေါ်အောင်ဆန်းစုကြည်၏ စေ့စပ် ညှိနှိုင်းရေးကို လေ့လာသူများကြိုဆို


ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ဆုံခွင့်ရရန် ထပ်မံ တောင်းဆို လိုက်ခြင်းသည် မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် ကောင်းမွန်သည့် ခြေလှမ်းတခု ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ရေးသား ပေးပို့သည့် စာတွင် ပါရှိသော အဆိုပါ တောင်းဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ပူးတွဲ ဖော်ပြထားသည်။

NLDပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က“ကျနော်တို့က ဖြစ်လာနိုင်မယ် မျှော်လင့်လို့တောင်းဆိုတယ်၊ တွေ့ဆုံ ဆွေးနွေးဖို့က အရေးပါဆုံးပေါ့၊ မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေဟာ တွေ့ဆုံဆွေးနွေးမှ ပြေလည်သွားမှာပါ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ကတည်းက အစဉ်တစိုက် တောင်းဆိုနေကြောင်း၊ ယခုအခါ အခြေအနေများသည် ပြောင်းလဲလာပြီဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာများကို ပြေလည်နိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC) အဖွဲ့မှ Roshan Jasonကဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံမှုက အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ စာသည် စေ့စပ် ညှိနှိုင်း ဆောင်ရွက်ရေး အတွက် ကောင်းမွန်သည့် ခြေလှမ်းတခု ဖြစ်ကြောင်းဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ စတင်ကမ်းလှမ်းချက်ဟာ မြန်မာလူမျိုးတွေ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေး အတွက် ပျော့ပြောင်းတဲ့ သူမသဘောထားကို ပြသလိုက်တာပါ” ဟု Roshan Jasonက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသော ယင်းစာတွင် အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ မြန်မာပြည်သို့ ရောက်ရှိစဉ် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုနိုင်ရန် စီစဉ်ပေးသည့်အတွက် အထူးကျေးဇူးတင်ကြောင်း၊ ပိတ်ဆို့ အရေးယူ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပိုမို သိရှိလိုကြောင်း၊ တင်ပြချက်အပေါ် အစိုးရက စီစဉ်ဆောင်ရွက် ပေးမှုကိုလည်း ကျေးဇူးတင် ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ကျန်းမာရေး ချွတ်ယွင်း နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး၊ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံပေးပို့ ထားသော ပထမစာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ အားလုံးကို သိရှိနားလည်စေရေးအတွက် အနောက်နိုင်ငံ သံတမန် ၃ ဦးနှင့် တွေ့ဆုံခွင့်ပြုရန်၊ NLDသဘောထားကိုလည်း ညှိနှိုင်း ရယူနိုင်ရေးကို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုမှုနှင့် ပတ်သက်၍ စစ်အစိုးရက အနောက်နိုင်ငံသံအမတ် ၃ ဦးနှင့် တွေ့ဆုံခွင့်ပြုခဲ့သော်လည်း NLD သဘောထားကို ညှိနှိုင်းရေးနှင့် ပတ်သက်၍ ယခုချိန်ထိ တစုံတရာတုံပြန်ခြင်း မရှိပေ။

စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံအထောက်အထားများအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.