21 November 2009

ဧရာဝတီတိုင်းရှိ ရေယာဉ်များကို ညမထွက်ရ အမိန့်ထုတ်

ဧရာဝတီတိုင်း အတွင်းရှိ ခရီးသည် တင်ဆောင်သော ရေယာဉ်များကို ညပိုင်းအချိန် မမောင်းနှင်ရန် အစိုးရ အာဏာပိုင်များက အမိန့်ထုတ် ထားကြောင်း သိရှိရသည်။

စက်တပ်ရေယာဉ်များ အနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အချိန်အတွင်း ထွက်ခွာရန်နှင့် ဆိုက်ကပ်ခွင့်များ ကို အမိန့် ထုတ်ထားသည်ဟု ပုသိမ်မြို့ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။

ခရီးသည်တင်ဆောင်သည့် ရေယာဉ်အားလုံး ညအချိန် မမောင်းနှင် အမိန့်ထုတ်ထားပြီး အမိန့်ထုတ်ရသည့် အကြောင်းကိုမူ မသိရသေးကြောင်း ၎င်း တာဝန်ရှိသူက ပြောသည်။

စစ်အစိုးရ တာဝန်ရှိသူများက ပုသိမ်မြို့ရှိ ရေယာဉ်ပိုင်ရှင်များကို ယခုလ ၁၆ ရက်နေ့တွင် အစည်းအဝေးတရပ် ခေါ်ကာ ညပိုင်းအတွင်း မမောင်းရန် အသိပေးပြောကြားခဲ့ကြောင်းလည်းသိရသည်။ 

“အရင်ကတော့ ကျနော်တို့ ည ၉ နာရီထွက်တယ်၊ အခုဒီ သင်္ဘော တွေကိစ္စ ပေါ်ပေါက်ခဲ့တော့၊ မနက် ၆နာရီ ကနေ ညနေ ၆ နာရီ ညလုံးဝ မသွားရတော့ဘူး”ဟု ပုသိမ်မြို့ရှိ ရေယာဉ်ပိုင်ရှင်တဦးက ပြောသည်။

ယခုကဲ့သို သင်္ဘောများကို အချိန်ကန့်သတ်ပေးလိုက်သောကြောင့် နယ်မှ ထွက်ခွာလာပြီး ရန်ကုန်သို့ သွားမည့် ခရီးသည်များအတွက် အခက်အခဲများ ကြုံရနိုင်ကြောင်းလည်း ၎င်း ရေယာဉ်ပိုင်ရှင်က ပြောသည်။ 

“တောကနေပြန်တက်တဲ့ ခရီးသည်တွေဆို မမီတော့ဘူးလေ၊ ပုသိမ်မှာဆို နောက်ဆုံး ရန်ကုန် ဂိတ်သိမ်းကားက ၃ နာရီခွဲဆို ဂိတ်သိမ်းသွားပြီး၊ သင်္ဘောက ဒါနဲ့ နောက်ကျဝင်လာရင်တော့ ပုသိမ်မှာ အိပ်ရမယ်၊ ဒါတွေတော့ အခက် အခဲရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပုသိမ်မြို့၊ ရှမ်းဂူကျေးရွာအနီးရှိ င၀န်မြစ်တွင် ပုဂ္ဂလိက ခရီးသည်တင် သင်္ဘောကြီး ၂ စင်း တိုက်မိပြီး နစ်မြုပ်သွားပြီးနောက် ယခုကဲ့သို့ ညအချိန် ထွက်ခွာခွင့်များ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

နစ်မြုပ်သွားသည့် သင်္ဘောမှာ “နေမျိုးထွန်း” ဟု အမည်ပေးထားသည့် ရေယာဉ်အမှတ် (၈၄၁၃) သစ်သား တထပ် သင်္ဘော ဖြစ်ပြီး ပုသိမ်မြို့မှ သက်ကယ်သောင် ကျေးရွာသို့ ဦးတည် ထွက်ခွာလာစဉ် ရှမ်းဂူကျေးရွာ အနီးရှိ မြစ်ပြင်ကျယ်တွင် “ဓန” အမည်ရှိ ဒီဇယ်ဆီတင် သင်္ဘောတွဲနှင့် တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံများ အဆိုရသိရသည်။

သင်္ဘော ၂စင်း တိုက်မှုကြောင့် ခရီးသည် ၄၀ ကျော် သေဆုံးပြီး ၅၀ ခန့်မှာ ပျောက်ဆုံးနေသေးကြောင်း ဒေသခံ များကဆိုသည်။

သို့သော် အာဏာပိုင်များက သင်္ဘောပိုင်ရှင်ကို အမှုဖွင့်အရေးယူထားပြီး ရေယာဉ် နစ်မြုပ်ရသည့် အကြောင်း ရင်းကို ဆက်လက် စုံစမ်း စစ်ဆေးနေသည်ဟုလည်း သိရသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.