05 November 2009

ရှားရှားပါးပါး သတင်းစာဆရာများနှင့် တွေ့ခွင့်ရသော ဒေါ်အောင်ဆန်းစုကြည်


နေအိမ်အကျယ်ချုပ်ကျနေသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်တို့ ယနေ့  တွေ့ဆုံခဲ့သည်။

ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်၌ တွေ့ဆုံကြခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုကို ပြည်တွင်း သတင်းထောက်များကလည်း ဓာတ်ပုံရိုက်ယူခွင့် ရခဲ့ကြသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက စီစဉ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်နှင့် သူ၏လက်ထောက် စကော့မာဆီယ် တို့၏ တွေ့ဆုံမှုသည် ယနေ့ မွန်းတည့်ခါနီးတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရခဲ့သည့် ရန်ကုန်မြို့မှ သတင်းထောက်တဦးက “သူ့ကြည့်ရတာ တော့ ကျန်းမာပုံပါပဲ။ ဒါပေမယ့် စာနယ်ဇင်းအတွက် ဘာမှမပြောဘူးဗျ။ ကျနော်တို့အားလုံး ဓာတ်ပုံ တွေ ရိုက်နိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ နေရာနဲ့ ပုံစံကလည်း သက်တောင့်သက်သာပါပဲ” ဟုပြောသည်။

ပြည်တွင်းသတင်းထောက်များကို တက်ရောက်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ပြုသော်လည်း တစုံတရာ မေးမြန်းခြင်းမပြုရန် ကြိုတင်တားမြစ်ထားသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက နေအိမ်အကျယ်ချုပ် ၁၈ လချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြား သံတမန်များ၊ သတင်းသမားများနှင့် တွေ့ဆုံခွင့်ရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပင် ဖြစ်သည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာများကိုမူ မည်သည့်ဘက်ကမျှ ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များနှင်လည်း အမေရိကန် သံတမန်ကြီးများ အန်အယ်ဒီရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-တစည ဗဟိုကော်မတီဝင် ၅ ဦးကိုလည်း ၎င်းတို့၏ ရုံး၌ အမေရိကန် ကိုယ်စားလှယ်များနှင့် ယနေ့ ညနေတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်နှင့် စကော့တို့နှစ်ဦးသည် ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအဝင် အစိုးရအရာရှိကြီးမျာနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

သို့သော် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်မူ တွေ့ဆုံခဲ့ခြင်းမရှိသဖြင့် ပြည့်ဝသည့် အဖြေတခု မရနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက သုံးသပ်သည်။

“အမေရိကန်နဲ့ ဗိုလ်ချုပ် သိန်းစိန်လောက်နဲ့ တွေ့သွားလို့ အဖြေအပြည့်အဝ ပေးနိုင်မယ်လို့ မထင် ဘူး။ သန်းရွှေနဲ့ တိုင်းရင်းသားတွေရော၊ ဒေါ်စုနဲ့လဲ တွေ့ဖို့ လိုအပ်ပါတယ်။ ဒေါ်စုနဲ့ သန်းရွှေနဲ့ တွေ့ ပြီး ဖြေရှင်းလိုက်ရင် မြန်မာပြည်အရေးက ပြီးသွားမှာပါ” ဟု သူက မဇ္ဈိမကိုပြောသည်။

ယနေ့ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်၌ ၎င်းတို့နှစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.