27 October 2009

မြန်မာ-ထိုင်း လက်ဝှေ့ပွဲသည် ငွေရှင်တို့ လှည့်ကွက်ဟု အားကစား ကလောင်ရှင် ဝေဖန်

“လုံးချောတို့၊ စောငမန်းတို့က နှစ်ပေါင်းများစွာ ကျင့်လာခဲ့ပြီး ဒီအဆင့်ရောက်လာတာ၊ ရိုးရာ လက်ဝှေ့ကို။ နောက်တပွဲ ထပ်လုပ်ချင်လို့ပေါ့ဗျ။ သူတို့ငွေရှင်တွေရဲ့ လှည့်ကွက်ပဲ။ မြန်မာလက်ဝှေ့ကို နိုင်ငံခြားသားတွေက တနှစ်လောက် ကျင့်ရုံနဲ့ မြန်မာချန်ပီယံတွေကို စိန်ခေါ်ပြီး ထိုးနိုင်တဲ့ အဆင့်ရောက်ပြီဆိုတာ လုံးဝမဖြစ်နိုင်ဘူး”  ဝါရင့်ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က မဇ္ဈိမကို
ပြောခဲ့တာဖြစ်ပါတယ်။               

       ရန်ကုန် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ၌ ကျင်းပခဲ့သော “မြန်မာ-ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီး အမှတ် (၂)” ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ ချန်ပီယံ ၄ ဦးနှင့် ထိုင်းချန်ပီယံ ၄ ဦးတို့ ထိုးသတ်ခဲ့ရာ သရေပွဲများဖြင့် အဆုံးသတ်ခဲ့သည်ကို ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။
ယင်းလက်ဝှေ့ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ ထက်လင်း တိုင်းရင်းဆေးဝါး လုပ်ငန်းက ပံ့ပိုးကူညီပြီး၊ T&T Group က တာဝန်ယူ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၈-၉ ရက်နေ့များတွင် သုဝဏ္ဏ၌ပင် ကျင်းပခဲ့ပြီး ဖြစ်သည်။ ယင်းပွဲတွင် ထိုင်းမှ ထုံထောင်း၊ လာချီလိတ်၊ ပါဝိနှင့် ထန်ဝါလစ်တို့ ဖြစ်ကြပြီး၊ မြန်မာမှ လုံးချော၊ စောငမန်း၊ တွေ့မရှောင်၊ ဝင်းထွန်းတို့ ဖြစ်ကြသည်။

ယင်းပွဲတွင် လုံးချောက ထုံထောင်းကို လည်းကောင်း၊ တွေ့မရှောင်က ပါဝိကို လည်းကောင်း၊ စောငမန်းက ထန်ဝါလစ်ကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပြီး ဝင်းထွန်းနှင့် လာချီလိတ်တို့ ပွဲတပွဲသာ သရေကျခဲ့သည်။

ယခုဒုတိယပွဲတွင် မြန်မာဘက်၌ ကြယ်လင်းအောင် တဦးသာ မျက်နှာသစ်ဖြစ်ပြီး ထိုင်းဘက်တွင်လည်း လုံးချောနှင့် ထိုးသတ်သည့် လတ်မွန်ခွန်းတဦးသာ အသစ်ခေါ်လာခြင်း ဖြစ်သည်။

ယခင်က ဝင်းထွန်းနှင့် သရေကျထားသည့် လာချီလိတ်သည် ယခုနှစ်ပွဲတွင် ကြယ်လင်းအောင်နှင့် ထိုးသတ်ခဲ့သည်။ စောငမန်းနှင့် ထန်ဝါလစ်၊ တွေ့မရှောင်နှင့် ပါဝိ အသီးသီး ထိုးခဲ့ကြသည်။

ယခုနှစ်တွင် သရေကျခဲ့ရသော်လည်း မြန်မာလက်ဝှေ့သမားများမှာ အားနည်းချက် မရှိကြောင်းနှင့် ထိုင်း လက်ဝှေ့သမားများ အနေဖြင့် မိမိတို့ကို အနိုင်ကစားနိုင်ရန် သေချာစွာ ပြင်ဆင်လာခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်သည့် T&T Group မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ကော်မတီဝင် ဦးစိုးသန်းဝင်းက ပြောသည်။

“တဘက်ကလည်း သူ့ဟာသူ ကောင်းနေတာကိုး။ ပြီးခဲ့တဲ့ အခေါက်က ၄ ပွဲပြိုင်တာ ၃ ပွဲရှုံးတယ်ဆိုတော့ သူတို့အနေနဲ့ အများကြီး ပြင်ဆင် လာတာတွေ ရှိတယ်လေ။  ကျနော်တို့လည်း ဒါကိုနမူနာယူပြီး ပြန်လည် ပြင်ဆင်ရမှာကိုးဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ် ကွင်းဝင်ကြေးကို အထူးတန်းအတွက် ကျပ် ၁ သောင်းနှင့် ရိုးရိုးတန်းအတွက် ကျပ် ၇ ထောင်နှုန်းဖြင့် သတ်မှတ် ရောင်းချခဲ့ပြီး၊ တရက်လျှင် ပရိသတ် ၂ ထောင်ကျော် လာရောက် ကြည့်ရှုကြောင်း သိရသည်။

မြန်မာ-ထိုင်း ပွဲကြီး ၄ ပွဲ ယှဉ်ပြိုင်ခဲ့သူများကို တဦးလျှင် ကျပ်ငွေ ၁၅ သိန်း (ဘတ် ၄ သောင်းခွဲကျော်)၊ ကြားပွဲ ၁၁ ပွဲမှ ယှဉ်ပြိုင်သူ တဦးလျှင် ကျပ် ၆ သိန်းခန့်စီ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ချီးမြှင့်သည့် ဆုကြေးငွေနှင့် ကွင်းဝင်ကြေးများမှာ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ပြိုင်ပွဲနှုန်းအတိုင်း ဖြစ်သော်လည်း ယခုနှစ်ပြိုင်ပွဲတွင် လာရောက်ကြည့်ရှုသူ ပရိသတ်အင်အားမှာ လျော့နည်းသွားခဲ့ကြောင်း ဦးစိုးသန်းဝင်းက ပြောသည်။

ယခုလို ထိုင်း-မြန်မာ လက်ဝှေ့ ယှဉ်ပြိုင်ပွဲများကို နောက်ထပ် ကျင်းပရန် အစီအစဉ်ရှိသော်လည်း ကျင်းပမည့်ရက် အတိအကျ မသတ်မှတ်ရ သေးကြောင်း သူက ပြောသည်။
မဇ္ဈိမမှတဆင့်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.